မိုင်းရူပ၊ ဇူလိုင် ၁၃ ရက်၊ မိုးကုတ်
ဒီနေ့ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးထပ်ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယာဥ်နဲ့ ထပ်ကြဲတာဟုတ်တယ်။ မိုးကုတ်အရှေ့ပိုင်း ပန်းမထိပ်ဘက်ကို လာကြဲတာ။ အရင်တစ်ခါကြဲတဲ့နေရာနဲ့ သိပ်မဝေးဘူး” လို့ မိုးကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိတယ်လို့ သိရပြီး အသေးစိတ်ကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်းမထိပ်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ကစပြီး ၎င်းလက်လွတ်ထားရတဲ့ သီပေါ၊ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မှာတော့ ကျောက်မဲမြို့ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးသွားကာ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ TNLA ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့သီပေါမြို့တွေမှာ ၂ပတ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ ပတ်ကျော်အတွင်း အရပ်သား ၁၅ ဦး သေဆုံးသွားခဲ့ပြီး ၄၆ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။