ယာရူစိင်၊ ဇူလိုင် ၁၁ ရက်၊ စစ်ကိုင်း
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ရှောင်ဒေသခံတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၁ ရက် မနက်အစောပိုင်း ၁ နာရီကျော်မှာ စစ်ကောင်စီတပ်က လင်းတလူးရွာဘုန်းကြီးကျောင်းကို လေကြောင်ကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေ များပြားနေသလို သေဆုံးသူလည်း မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
“လက်ရှိအထိတောင် သေဆုံးသူစာရင်းနဲ့ ဒဏ်ရာရရှိသူစာရင်းတွေကို အတိအကျမသိရသေးဘူး။ လောလောဆယ်တော့ သေဆုံးသူ စာရင်းက အနည်းဆုံး ၃၀ ဦးလောက်ရှိပါတယ်။ ဒဏ်ရာရရှိတဲ့ ဒေသခံတွေက အရမ်းများပါတယ်”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင် အများအပြားလည်း ပျက်စီးခဲ့သလို လေကြောင်းအန္တရာယ်ကိုလည်း ထပ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးနေသလို ဒဏ်ရာရရှိသူတွေများပြားနေတာကြောင့်နောက်ထပ် ဆေးဝါးနဲ့ ဆေးကုသပေးဖို့အတွက် ဆရာဝန်၊ သူနာပြုတွေကိုလည်း ထပ်မံလိုအပ်နေသေးတယ်လို့ သူက ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။