ပို့လဘား၊ ဇူလိုင် ၁၀ ရက်၊ မော်ချီး
ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ မိသားစု ၅ ဦးအပါ ၆ ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၉ ရက် ည ၇ နာရီခွဲအချိန်မှာ မော်ချီးဒေသ လိုလော်ထီးရွာကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၅ဦး အပါ ၆ ဦး သေဆုံးခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့အိမ်ပေါ်တည့်တည့်မှာ လာကျတယ်။ သူတို့မိသားစု ၅ယောက်လုံးသေတယ်။ ဘေးအိမ်က လူတွေလည်း ထိပြီး ဒဏ်ရာရကြတယ်။ ထိခိုက်ဒဏ်ရာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း စစ်ကောင်စီတပ်က ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ်ရှိတဲ့ ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာလည်း မော်ချီးဒေသ ရပ်ကွက် ၁၅ ခဲကျင်းကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။