ယာရူစိင်၊ ဇူလိုင် ၉ ရက်၊ မိုးကုတ်
PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် အနည်းဆုံး ၂ဦး ဦးသေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၉ ရက် ည ၈ နာရီအချိန်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်းမထိပ်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် အနည်းဆုံး ၂ဦး သေဆုံးတယ်လို့ သိရပါတယ်။
“သေဆုံးတဲ့ထဲမှာ ကလေးငယ်တွေလည်း ပါတယ်။ လက်ရှိသိရသလောက် ဒဏ်ရာရတာက အနည်းဆုံးတော့ ၆ ဦးလောက်ရှိတယ်။ နေအိမ်တချို့လဲ ပျက်စီးသွားတာ ရှိတယ်”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုနဲ့ သေဆုံးမှုက ထပ်မံတိုးလာနိုင်တာကြောင့် အသေးစိတ်အခြေအနေကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မနေ့ ဇူလိုင် ၈ ရက်မှာလည်း မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။