မြတ်နိုး၊ ဇူလိုင် ၉၊ ဝိုင်းမော်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂွေထု ဒေသအခြေစိုက် လဆန်အောင်ဝါရဲ့ ပြည်သူ့စစ်တပ်ဖွဲ့က အရာရှိတစ်ဦး မနေ့ ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီခန့်က ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ထောက်လှမ်းရေးပြုတ် ဒု – အရာခံဗိုလ် ဌေးအောင် (ခ)ကိုကို ပစ်သတ်ခံရတာပါ။ လက်ရှိ လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့ ရဲ့ ဒုတိယ ခေါင်းဆောင်ပေါ့။ အစည်းဝေးလုပ်နေချိန် စကားများကြရာက ဖြစ်သွားတယ်လို့ ကြားတယ်။ နေရာလုကြတာပါ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အစည်းဝေးခန်းမမှာ ပစ်သတ်ခံရတာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပုံ အသေးစိတ် မသိရပေမယ့် လဆန်အောင်ဝါရဲ့ ဂွေထု ဌာနေပြည်သူ့စစ် တပ်ဖွဲ့ ခေါင်းဆောင်နေရာယူထားသူ ဦးနော်လီကလည်း လက်မှာ ၂ နေရာထိခိုက် ဒဏ်ရာရရှိထားပြီး ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးဂမ်အောင် ခေါ် ဌေးအောင် (ခ) ကိုကိုက သေဆုံးသွားခဲ့တယ်လို့ သူက ပြောပါတယ်။
“ဂမ်အောင်ဆိုတာ နာမည်ခံထားတာ။ ကချင်လူမျိုး အစစ်မဟုတ်ဘူး။ ဗမာလူမျိုး။ အရင်က ခင်ညွန့်ရဲ့လူ။ ဦးနော်လီကလည်း ကချင် မဟုတ်ဘူး။ တရုတ်လူမျိုး ကချင် နာမည်ခံထားတာ။ စီးပွားရေးလုပ်ချင်လို့ ပြည်သူ့စစ်လုပ်တာ” လို့ နောက်ထပ် ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။
လဆန်အောင်ဝါရဲ့ ဂွေထုဌာနေပြည်သူ့စစ် ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးဂမ်အောင် ခေါ် ဌေးအောင် (ခ) ကိုကို မနေ့ ညနေ ၄ နာရီ ခန့်က ပစ်သတ်ခံရပြီးနောက် ည ၇ နာရီခန့် အထိ အလောင်းမကောက်နိုင်သေးဘူးလို့ သိရတယ်လို့ ဆိုပါတယ်။
ဂွေထု ဌာနေပြည်သူ့စစ်ကို ဦးဆောင်သူ ဦးလဆန်အောင်ဝါက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်သွားတဲ့ ဦးလဆန်အောင်ဝါရဲ့ ခေါင်းဆောင်နေရာကို ဦးနော်လီဆိုသူ ယူထားကာ ဒုတိယခေါင်းဆောင်နေရာကို ဦးဂမ်အောင် ခေါ် ဌေးအောင် (ခ) ကိုကို ယူထာဝာာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
လဆန်အောင်ဝါအဖွဲ့ဟာ လွန်ခဲ့တဲ့၂၀၀၄ ခုနှစ်မှာ KIO/KIA ကနေခွဲထွက်ကာ ၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်အဖြစ် တရားဝင်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီး ဝိုင်းမော်မြို့နယ်၊ ဂွေထု (ဂွေထူပါ) ဒေသမှာ အခြေစိုက် စီးပွားရေးလုပ်နေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။