ပို့လဘား၊ ဇူလိုင် ၉ ရက်၊ ၁၀၅ မိုင်
ညီနောင်မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ပြည်သူ့ဆေးရုံကြီး စတင်ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် AA၊ ကိုးကန့်တပ်မတော် MNDAAနဲ့ တအာင်းတပ်မတော် TNLA တို့က ပြီးခဲ့တဲ့ မေလမှာ ဆေးရုံကို စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး မနေ့ ဇူလိုင် ၈ ရက်မှာတော့ စတင်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုတော့ ၁၀၅ ရဲ့ ပထမဆုံးဆေးရုံပေါ့နော်။ စကစ လက်ထက်မှာကတည်းက ၁၀၅ မိုင်မှာ ဆေးရုံမရှိခဲ့ဘူး။ ဆေးခန်းအကြီးတွေပဲရှိခဲ့တာ။ အခုတော့ ညီနောင်မဟာမိတ်၃ ဖွဲ့က ဦးဆောင်ပြီး လုပ်တာ။ ၃ လလောက်ကြာတာပေါ့။ မနေ့မှ သူတို့ဖွင့်ပွဲလုပ်တာ။ မြို့နယ်မှာရှိတဲ့ ရပ်မိရပ်ဖနဲ့ နီးစပ်တဲ့ပြည်သူတွေလည်း အားလုံးတက်ရောက်လာကြတယ် ” လို့ ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားကတည်းက ၁၀၅ မိုင်မှာ ပြည်သူ့ဆေးရုံမရှိခဲ့တာကြောင့် ဆေးခန်းတွေကိုသာ မှီခိုအားကိုးရတာဖြစ်ပြီး အရေးပေါ်လူနာတွေကိုတော့ မူဆယ်မြို့ပြည်သူ့ဆေးရုံနဲ့ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကိုသာ ဆေးကုသမှုခံယူနေရတာ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
“အခုက ဆေးရုံမှာသွေးစစ်တာတွေ ဓာတ်မှန်ရိုက်တာ Ultrasound (အာထရာဆောင်း)ရိုက်တာတွေနဲ့ ဆေးကုသမှုတွေကိုတော့ ၂၄ နာရီဆေးရုံဖွင့်ထားတယ်။ အခုလည်း CDM ဆရာဝန်မတွေ နည်းနည်းတော့ ရောက်လာပြီ” လို့ ဆိုပါတယ်။
မူဆယ်မြို့ ၁၀၅ မိုင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA နဲ့ TNLA တို့က ပူပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။