ပို့လဘား၊ ဇူလိုင် ၈ ရက်၊ မိုးကုတ်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၈ ရက် မနက် ၉ နာရီနဲ့ ၉ နာရီခွဲခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်း ခေါင်းဦးဘာရပ်ကွက်မှာရှိတဲ့ “ကြိုးစားသူများ” ကိုယ်ပိုင်အထက်ကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဦးလှသိန်း၊ ဒေါ်ခင်မျိုးဝင်းနဲ့ ဒေါ်ခင်ထားရီတို့ သေဆုံးခဲ့တဲ့အပြင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇လုံးနဲ့ ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
“တစ်ယောက်က ပခုံးမှာ ထိတယ်။ တစ်ယောက်ကတော့ ဆီးခုံနဲ့ ဦးခေါင်းထိလို့ သေသွားတယ်။ ဒဏ်ရာရတဲ့ထဲမှာတော့ ၂ယောက်က ဒဏ်ရာပြင်းထန်တယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့ တောင်နောက်ရပ်ကွက်ကိုလည်း စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၆ နှစ်ရှိတဲ့ ဒေါ်မြင့်မြင့်သန်းက သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက်၂၀နှစ်အရွယ်ရှိတဲ့ အောင်သက်ပိုင်၊ အသက် ၆၃ နှစ်ရှိတဲ့ ဦးဝေ၊ အသက် ၄၂ နှစ်ရှိတဲ့ ဒေါ်ပု၊ အသက် ၅၃ နှစ်ရှိတဲ့ ဦးအိုက်ဆွယ်တို့ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း ရှမ်းမြောက် ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသက ကလေး ၄ ဦး အပါအဝင် အရပ်သား ၅၂ ဦး သေဆုံးခဲ့ပြီး ၉၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။