ပို့လဘား၊ ဇူလိုင် ၈ ရက်၊ ဖယ်ခုံ
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ ဇူလိုင် ၇ ရက် ည ၁၁ နာရီအချိန်မှာ စစ်ကောင်စီတပ်က ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ်ရှိတဲ့ ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ဦးခေါင်းထိတယ်။အမျိုးသားတစ်ဦးကတော့ ခြေထောက်ထိသွားတယ်။ ၃ လုံး တစ်နေရာနဲ့ ၂ လုံးတစ်နေရာမှာ ကြဲချတာ။ စစ်ရှောင်တဲ့မိသားစု ၃ ဦးကတော့ သေသွားတယ်”လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ်ရှိတဲ့ ကလေးတစ်ဦး၊ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကတော့ အသက် ၃၀ နှစ်ရှိတဲ့ အမျိုးသမီးနဲ့ အသက် ၄၀ နှစ်ရှိတဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကလည်း ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း လအိကျေးရွာမှာရှိတဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။