ပို့လဘား၊ ဇူလိုင် ၈ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၈ ရက် မနက်၉ နာရီ မှာ မိုးကုတ်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ “ကြိုးစားသူများ”ကိုယ်ပိုင်အထက်ပိုင်းကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“အခုလောလောဆယ်တော့ ၅ ယောက်လောက် သေတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မသိရသေးဘူး။ နေအိမ်လုံးလုံးပျက်စီးတာက ၅ လုံး။ ဘေးအိမ်ကနေအိမ်တွေလဲထိတယ်။ ၁၀ လုံးလောက်ပဲ။ ကိုယ်ပိုင်အထက်တန်းကျောင်းလည်း ထိခိုက်တယ်။ စာသင်နေတဲ့ ကလေးတွေတော့ မထိဘူး။ ကျောင်းရဲ့ခေါင်းမိုးပဲလှန်သွားတာ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက် သေဆုံးမှုနဲ့ ပျက်စီးမှု အသေးစိတ်နဲ့ ပတ်သက်ပြီး ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အလားတူ ကျောက်မဲမြို့ကိုလည်း စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၈ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသေးစိတ်အချက်အလက်ကိုတော့ ရွှေဖီမြေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းအုန်းကိုင်းရွာမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲလို့ လူ ၄ ဦးဒဏ်ရာရပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။