အိုက်ပွီး၊ ဇူလိုင်လ ၇ ရက်၊ တီးတိန်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အထိနာများလို့ ကလေးမြို့ကို တပ်ပြန်ဆုတ်သွားတယ်လို့ ရှေ့တန်းချင်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
ကလေးမြို့မှ စစ်ကောင်စီ အင်အား ၈၀၀ ဝန်းကျင်ခန့်ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ကလေး-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး မေလ ၂၁ ရက်နေ့ကစလို့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ကလေး-သိုင်းငင်း ကားလမ်းမပေါ်ရှိ မွှာလ်ပီးကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီး အထိအနာများတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့ဘက် တပ်ပြန်ဆုတ်သွားတာဖြစ်ပါတယ်။
“စကစတွေ စခန်းချတာက ကလေး-သိုင်းငင်း ကားလမ်းမပေါ် မွှလ်ပီးရွာမှာပါ။ အဲစခန်းကနေ စကစတွေ တီးတိန်ဘက်ကို ချီတက်လိုက်၊ ပြန်ဆုတ်လိုက် လုပ်တာ နှစ်လလောက်ရှိပြီ။ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ် မွှာလ်ပီးရွာကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ကနေ ထိုးစစ်တိုက်ခိုက်ပြီးနောက် ဇူလိုင်လ ၅ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိထားပါတယ်။ စခန်းက စကစတွေ ကလေးဘက် တပ်ပြန်ဆုတ်သွားပါပြီ။”လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့ အလောင်း ၁၀ လောင်းနဲ့ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိသူတွေရှိသလို လက်နက်ခဲယမ်းအမြောက်မြား၊ စက်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
“လက်နက်ခဲယမ်းတွေက လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်မျိုးစုံတွေ အများကြီး သိမ်းဆည်းရမိခဲ့ပါတယ်။ တခြား အသုံးဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိတာရှိတယ်။ စခန်းရှင်းလင်းရေးဆောင်ရွက်စဥ်မှာ စကစ အလောင်း ၁၀ လောင်းရတယ်။ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိသူတွေလည်းရှိတယ်။”လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော်(CNA) ရဲဘော် ၃ ဦး၊ ချင်းကာကွယ်ရေးတပ် (မရာ) ရဲဘော် ၃ ဦး၊ ချင်းကာကွယ်ရေးတပ်(စီးယင်း) ရဲဘော် ၁ ဦး ကျဆုံးပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။