မိုင်းရူပ၊ ဇူလိုင် ၇ ရက်၊ ဖယ်ခုံ
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက မနေ့ ဇူလိုင်လ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်က ၆ လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် မနေ့ ဇူလိုင်လ ၆ ရက်မှာ မိုးဗြဲမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပေါင်း ၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီးနောက် မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းအမြစ်တစ်ဦးကလည်း မိုးဗြဲမြို့ရဲ့ နေရာအများစုကို စစ်ကောင်စီက ပြန်ထိန်းချုပ်လိုက်ပြီလို့ ရွှေဖီမြေကို ပြောပါတယ်။
“မိုးဗြဲမြို့ထဲကို စစ်ကောင်စီက ပြန်ဝင်နေတာ ဟုတ်တယ်။ လုံးဝကို ဝင်ထိန်းနိုင်တာမျိုးတော့ မဟုတ်သေးဘူး” လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကလည်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပြီးနောက် ဇူလိုင် ၃ ရက်ကနေ ဇူလိုင် ၆ ရက်အထိ နေအိမ် ၂၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒီနေ့ ဇူလိုင်လ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့ကို ပြီးခဲ့တဲ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းနိုင်ခဲ့တာဖြစ်ပြီး ၁ နှစ်ခွဲအကြာ စစ်ကောင်စီတပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက ၁၁၁၁ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းနိုင်ခဲ့ပေမဲ့ မြို့အနီးရှိ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ – ၄၂၂ တပ်စခန်းကိုတော့ မသိမ်းနိုင်ပဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။