ရွှေဖီမြေ၊ ဇူလိုင် ၇ ရက်၊ လယ်ဒို
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUက ဒီနေ့ ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက် ညနေ ၅ နာရီခွဲအကျော်မှာ စစ်ကောင်စီတပ်က နတ်သံကွင်းအထိုင်တပ်ကနေ တောကြောင်ပေါက်ကျေးရွာဘက်ကို ၁၂၀ မမ ၁ လုံးပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နတ်သံကွင်း ၆ ရပ်ကွက်ကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၁နှစ်အရွယ်ရှိတဲ့ စောကျော်နိုင်ထူး၊ အသက် ၆နှစ်ရှိတဲ့ စောကောင်းသန့်ဇော်၊အသက် ၆၅ နှစ်ရှိတဲ့ ဦးမောင်သံစိန်၊ အသက် ၆၄ နှစ်ရှိတဲ့ ညားကြည်မြင့်၊ အသက်၃၅ နှစ်ရှိတဲ့ စောကျော်နိုင်ဝင်းနဲ့ အသက်၃၀နှစ်ရှိတဲ့ မနန်ဦးတို့ ပွဲချင်းသေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူဟာ အလည်စုကျေးရွာနေ အသက်၃၀ နှစ်ရှိတဲ့ နော်သူးရေစေး၊ ဝါးပင်စုကျေးရွာနေ အသက်၃၈ နှစ်ရှိတဲ့ ညားဝင်းစိုးနဲ့ တောကြောင်ပေါက်ကျေးရွာနေ အသက်(၂၅)နှစ်ရှိတဲ့ နော်လှယမင်းခိုင် တို့ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက် နေ့လယ် ၁ နာရီမှာလည်း အသက်၂၀ နှစ်အရွယ်ရှိတဲ့ စောအေးမင်းထွေးကို ကျောက်တံခါးမြို့စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားခဲ့ပြီး ဒီနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် မနက်၁၀နာရီကလည်း စစ်ကောင်စီတပ်က ခမရ(၃၅၁)တပ်ရင်း ဆင်မတောင်ကနေ လက်နက်ကြီး၂ လုံးပစ်ခတ်မှုကြောင့် မူးမြို့နယ် ညောင်ပင်ကုန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင်လာတဲ့ အသက်၃၁ နှစ်အရွယ်ရှိတဲ့ မောင်မျက်ပြူး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။