မြတ်နိုး၊ ဇူလိုင် ၇၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်ဘက် စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့ မနက် ၇ နာရီ လောက်က တနိုင်း(ဒကစ)ကနေ ဖားကန့်ဘက် စစ်ကူလာတဲ့ စစ်ကြောင်းကို ဖားကန့်အနီးဘက် KIA နဲ့ ပူးပေါင်း မဟာမိတ် တပ်ဖွဲ့ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ နေရာ အတိအကျ မသိသေးဘူး” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့ မနက် ၇ နာရီခန့်ကစ ဖားကန့် တပ်မကုန်းမှ လက်နက်ကြီး ပစ်ကူပေးနေသံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ည ၇ နာရီ ခန့်ကလည်း တနိုင်းဘက်ကနေ ဖားကန့် ဒေသဘက် ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို နမ့်ယားအနီး KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ တို့ ဖြတ်တိုက်ရာ စစ်ကောင်စီ အလောင်း၊ လက်နက်၊ သုံ့ပန်း တွေ ရရှိခဲ့တယ်လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
“ဇူလိုင်လ ၅ ရက်နေ့က ဖားကန့်လမ်း တိုက်ပွဲမှာ စစ်ကောင်စီ အလောင်း ၁၄ လောင်းနဲ့ လက်နက်တချို့ရရှိထားတယ်။ စစ်ကောင်စီ အရှင် ၆ ဦး ဖမ်းမိထားပါတယ်။” လို့ သူက အပြာပါတယ်။
မနေ့ ဇူလိုင်လ ၆ ရက်နေ့က ဖားကန့်မှာ တိုက်ပွဲ ၂ နေရာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အလောင်း ၁၂ လောင်းနဲ့ လက်နက် တချို့ ရရှိထားတယ်လို့ သူက ပြောပါတယ်။
အဲတိုက်ပွဲအတွင်း ဒေသခံ ၄ ဦး သေဆုံးခဲ့ရပြီး အေးမြသာယာက ရာအိမ်မှူး တစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဖားကန့်ဒေသကို ပြန်လည်စိုးမိုး ထိန်းချုပ်နိုင်ရန် ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကစ ကာမိုင်းဘက်က စစ်ကူရောက်လာပြီး စတင်လှုပ်ရှားလာပြီး ဖားကန့်ဒေသရှိ ကုမ္ပဏီ၊ စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါ တယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။