အိုက်ပွီး၊ ဇူလိုင်လ ၆ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ တိုက်ပွဲတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် သေနတ်ကျည်ဆန်တွေ ကျရောက်ပါက ချင်းစစ်ဘေးရှောင်တွေကို နှင်ထုတ်သွားမယ်လို့ ဒေသတွင်းအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။
ရိဒ်ခေါဒါရ်မြို့ တိုက်ပွဲတွင်း ပစ်ခတ်တဲ့ ကျည်ဆန်တွေဟာ ဇိုခေါထာရ်ရွာထဲ ကျရောက်တဲ့အတွက် ရွာသားတွေဟာ ထိတ်လန့်နေရပြီး မီဇိုရမ်ဘက် ဦးတည်ကျည်မပေါက်ဖို့ ထပ်မံကျရောက်ပါက ချင်းစစ်ဘေးရှောင်တွေကို နှင်ထုတ်မယ်လို့ သိရပါတယ်။
“မနေ့ကမနက် မီးဇိုလူငယ်အသင်းက လော်စပီကာနဲ့ ဇိုခေါထာရ်ရွာဘက် သေနတ်ကျည်ဆန်တွေ ကျလို့ ရွာသားတွေ သတိရှိရှိနေဖို့ သတိပေးတယ်။ ပြီးတော့ CDF-Hualngoram နဲ့ CNDF ကို မီဇိုရမ်ဘက် ဦးတည်ကျည် မပေါက်ဖို့၊ ကျည်ဆန်တွေ ထပ်မံ ကျရောက်ပါက ချင်းစစ်ဘေးရှောင်တွေကို အကုန်လုံး မောင်းထုတ်မယ်ပြောတယ်။”လို့ ချင်းစစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ ဇူလိုင်လ ၈ ရက်နေ့၊ မနက် ၈ နာရီအချိန်ခန့်က ရိဒ်ခေါဒါရ်မြို့ အမှတ် ၂ရက်ကွက် တီချောင်း တိုက်ပွဲတွင်း CDF-Hualngoram နဲ့ CNDF တို့ ပစ်ခတ်တဲ့ သေနတ်ကျည်ဆန်တွေဟာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ်ရွာမှာ ကျရောက်ခဲ့ပါတယ်။
“ရိဒ်ခေါဒါရ်မြို့ဘက်ခြမ်းက ကျည်ဆန်တွေ ဇိုခေါထာရ်ရွာဘက် ကျတာတွေရှိတယ်။ ရွာသားတွေ ထိခိုက်မှုမရှိပေမယ့် စိုးရိမ်ထိတ်လန့်နေကြပါတယ်။ မနေ့ကတိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဇိုခေါထာရ်ရွာက ချောင်းပဲခြားတယ်။ သေနတ်သံတွေ အကုန်ကြားနေရတယ်။ မြင်နေတယ်လေ။”လို့ ချင်းစစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဇိုခေါထာရ်ရွာဟာ ချင်းစစ်ဘေးရှောင်တွေ ထောင်နဲ့ချီခိုလှုံနေတဲ့ ရွာဖြစ်ပြီး ရိဒ်ခေါဒါရ်မြို့နဲ့ ချောင်းတစ်ခုသာ ခြားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။