ရွှေဖီမြေ၊ ဇူလိုင် ၅ ရက်
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်က ကလေးငယ် ၁ဦး အပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်မှ ဝဲကြီးဝဲဒေါ ကျေးရွာထဲသို့ ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် အသက် ၄ နှစ် မောင်ဇွဲပြည့်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်သီတာဦး၊ အသက် ၆၇ နှစ်အရွယ် ဒေါ်အေးအေးဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ရွှေတို့ ထိမှန်သေဆုံးခဲ့ပြီး ဒေသခံ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ကလည်း စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) မှ ဟောင်ဝစ်ဇာတစ်လုံး ပစ်ခတ်ခဲ့တာကြောင့် ချုံအင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၇၅ နှစ်အရွယ် ညားသောင်းတင်ဆိုသူ သေဆုံးခဲ့ပြီး နေအိမ်တစ်လုံးထိမှန် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက် ည ၉ နာရီမှာလည်းပိန်းဇလုတ် အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ-၂၆၄) ကနေ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ရေတွင်းကုန်းကျေးရွာထဲ ကျရောက် ပေါက်ကွဲပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့သလို နွား ၃ ကောင်လည်း ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်မှာလည်း လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဒိုမြို့နယ်က ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရခဲ့ရပြီး နေအိမ် ၉ လုံးပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။