မိုင်းရူပ၊ ဇူလိုင် ၄ ရက်၊ ငါန်းဇွန်
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများကာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Zreo ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၃ ရက် မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ လက်နက်ကျည်ရိက္ခာပို့ စစ်ယာဉ်တန်းကို မြင်းခြံခရိုင် မြို့သာ-ဆီမီးခုံသွားကားလမ်းနဲ့ ငါန်းဇွန်- မြို့သာအကြားတစ်နေရာမှာ ကာကွယ်ရေးတပ်တွေက အသင့်ကြိုစောင့်ကာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်း၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။
“ပျူရွာတွေကို ရိက္ခာပို့မယ်လို့ ကျနော်တို့ သတင်းရထားတယ်။ ခြေချင်လျှောက်လာတဲ့ စစ်ကြောင်းနဲ့ နောက်မှာ ကား ၅ စီးနဲ့ ကျနော်တို့ရှေ့မှာ ရောက်လာတယ်။ စစ်ကြောင်းမှူးလို့ ယူဆရတဲ့တစ်ယောက်ကို ကျနော်တို့ဘက်က စနိုက်ဘာနဲ့ ပစ်လိုက်တာ။ ရဲဘော်တွေ အဆက်မပြတ်ပစ်ခတ်တဲ့အချိန်မှာ ၃၀ ဝန်းကျင်လောက် ကားဘေးမှာရော၊ လမ်းပေါ်မှာတွေရော သေတာ ကျနော်တို့တွေ့ရတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ကားနှစ်စီးအပါအဝင် လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော်သေဆုံးတယ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ နဲ့ ဒေသ ပြည်သူကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မြင်းခြံခရိုင်မှာ ရိက္ခာပို့ယာဥ်တန်း တိုက်ခိုက်ခံတာနဲ့ ပတ်သက်ပြီး တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။