ယာရူစိင်၊ ဇူလိုင် ၄ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါရွာစစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအပါ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇူလိုင် ၃ ရက် နေ့လယ် ၃ နာရီမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေးငယ် ၁ ဦးသေဆုံးပြီး နို့စို့အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက”စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ပြီး သိပ်မကြခင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ဒေသခံတွေရဲ့ နေအိမ်ပျက်စီးတာလည်း ရှိတယ်။ လေကြောင်းကော လက်နက်ကြီးအပါ ပစ်ခတ်တိုက်ခိုက်လို့ ဒဏ်ရာရရှိသူ အများကြီးရှိပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၅ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ ထပ်မံ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေသခံလူထုတွေကိုသာ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် မတ္တရာမြို့နယ်ရှိ ဒေသခံအများစုဟာ စစ်ဘေးလွတ်ရာဒေသတွေမှာ ပြောင်းရွှေ့နေထိုင်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ည ၁၀ နာရီကလည်း မတ္တရာမြို့နယ် ဥက္ကံရွာရဲ့ ဘုန်းကြီးကျောင်းအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။