ပျားကြီး၊ ဇူလိုင် ၄၊ ပဲခူး
ပဲခူးမြစ်ရေလျှံတက်လာမှုကြောင့် ပဲခူးမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်မှုတွေရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၁၂ လက်မအထိရောက်ရှိလာခဲ့တာကြောင့် အခုလိုအနိမ့်ပိုင်းရပ်ကွက်တွေထဲကို ရေဝင်ရောက်မှုတွေရှိလာတာဖြစ်ပါတယ်။
“ဘူတာဖက်တွေ၊ ကျောက်ကြီးစုဖက်တွေအကုန်ရေဝင်နေပြီ။ ရေကတိုးနေတုန်းပဲ။ ခေါင်းဆေးကျွန်းဖက်ဆို ၅ ပေလောက်အထိရှိနေပြီ”လို့ ပဲခူးမြို့ခံတစ်သီးကပြောပါတယ်။
ကျောက်ကြီးစု၊ ရွာသစ်၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ ဇိုင်းဂနိုင်း မြောက်ပိုင်း၊ အိုးလေးစု၊ ကန်သာယာ၊ ဥဿာမြို့သစ်စတဲ့ လူနေရပ်ကွက်တွေထဲမှာ ရေအနက် ၃ ပေကနေ ၅ ပေကြားအထိရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပဲခူးမြစ်ရေဟာ ဆက်လက်မြင့်တက်နေပြီး နောက် ၂၄ နာရီအတွင်း ပဲခူးမြို့ရဲ့စိုးရိမ်ရေအမှတ်ကိုရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မနေ့ မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။
ပဲခူးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း တမြို့လုံးနီးပါးဆိုးဆိုးရွားရွား ရေကြီးနစ်မြုပ်မှုဒဏ်ကိုခံခဲ့ရပြီး လက်ရှိအချိန်မှာလည်း အလားတူအခြေအနေမျိုးအထိရောက်ရှိနိုင်တဲ့အပေါ် စိုးရိမ်နေကြတယ်လို့ အသက် ၄၅ နှစ်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာ ရေဝင်ရောက်မှုရှိနေတဲ့ ရပ်ကွက်တွေကပြည်သူတွေဟာ ဘေးလွတ်ရာကိုစတင်ရွှေ့ပြောင်းမှုတွေပြုလုပ်နေကြပြီး မြို့ပေါ်ရပ်ကွက်တွေကလည်း အခြေအနေကိုစောင့်ကြည့်မှုတွေပြုလုပ်နေကြတာတွေ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။