ရွှေဖီမြေ၊ ဇူလိုင် ၃ ရက်၊ ဖားဆောင်း
ကရင်နီပြည် ဖားဆောင်းအခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း – ၁၃၄ ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်နိုင်ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖားဆောင်းအခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း- ၁၃၄နဲ့ ၁၄၅ တပ်ရင်းကို ကရင်နီတပ်ပေါင်းစုံဦးစီးအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာစတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၃ ရက်မှာ ခလရ( ၁၃၄) ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ ဇူလိုင် ၂ ရက်မှာ ဖားဆောင်းမြို့နယ်ဘက်ကို ဗုံးကြဲတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စင်းကို ကရင်နီတော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပစ်ချခံရမှုကြောင့် ပျက်ကျသွားတဲ့ လေယာဥ်ကို ဒီနေ့ ဇူလိုင် ၃ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ ကရင်နီတပ်ပေါင်းစုက ဖားဆောင်းမြို့အနီးမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
လေယာဥ်ကျတဲ့နေရာမှာ လေယာဥ်ကိုယ်ထည်နဲ့အတူ လေယာဥ်မှူး ၂ ဦးရဲ့ ရုပ်အလောင်း ၂ လောင်းကိုလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တိုက်လေယာဉ် ၁ စီးက ညခရီးဝေး လေ့ကျင့်ပျံသန်းနေတဲ့အချိန် ရေဒါကနေပျောက်ဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။