ရဲမာန်၊ ဇူလိုင် ၃ ရက်၊ ကရင်နီ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် ၈ တပ်ရင်းမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဒုရင်းမှူး ဝိစတန်အပါအ၀င် ၃ဦး ကျဆုံးသွားခဲ့တယ်လို့ KNDF အမှတ် ၈ တပ်ရင်းမှ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ကရင်နီပြည်နယ် တိုက်ပွဲတစ်နေရာမှ စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်ရင်း ဒုရင်းမှူးဝိစတန်၊ တပ်ခွဲ(၁)တပ်စိပ်မှူး ဇော်၀မ်းနဲ့ တပ်သားစတီးဖင်းတို့ ကျဆုံးသွားကြောင်း ထုတ်ပြန်ထားပါသည်။
“သူ့မွေးနေ့က ၂၅ရက်နေ့ ၂၃ရက်နေ့လောက်မှာ ရှေ့တန်းသွားတယ်။ မွေးနေ့ပြီးမှ သွားလေလို့ ပြောတာမရဘူး။ ရဲဘော်တွေကိုစိတ်မချဘူးတဲ့”လို့ KNDF အမှတ် ၈ မှာ တာ၀န်ထမ်းဆောင်နေတဲ့ တပ်စိပ်မှူးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒုရင်းမှူး ဝိစတန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လည်ပိုင်းမှာ KNDF အမှတ် ၈ တပ်ရင်းက ဖွင့်လှစ်တဲ့ အပတ်စဉ် ၂ စစ်သင်တန်းမှာ တပ်သားအဖြစ် စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ဧပြီ ၂၈ အရောက်မှာတော့ KNDF အမှတ် ၈ တပ်ရင်းရဲ့ ဒုရင်းမှူးတာ၀န်အဖြစ် ထမ်းဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ဒုတပ်ရင်းမှူး ဝိစတန်က စကားနည်းတယ်။ရဲဘော်တွေကို အမိန့်သုံးပြီး ပြောဆိုတာမရှိဘူး။ တစ်ခုခုဆို အရှေ့ကနေ ဦးဆောင်တယ်။ တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်သူဖြစ်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
၎င်းက ဒုရင်းမှူး ဝိစတန်က တာ၀န်ထမ်းဆောင်ချိန်မှ စပြီး ၎င်းကို အကိုတစ်ယောက်လို စောင့်ရှောက်ပေးခဲ့ပြီး အခုကျဆုံးမှု အပေါ်မှာ အကိုတစ်ယောက်ဆုံးရှုံးလိုက်ရသလို ခံစားနေရကြောင်း ဆက်ပြောပါတယ်။
ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှ၀မ်းနည်းကြောင်းအပါအဝင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNDF အမှတ် ၈ တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။