မိုင်းရူပ၊ ဇူလိုင် ၃ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” တပ်ဖွဲ့-UWSA က မနေ့ ဇူလိုင် ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တန့်ယန်းမြို့နယ်က ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၆၆ ဦးကို ဝဒေသကနေတစ်ဆင့် တရုတ်နိုင်ငံဘက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က လွှဲပြောင်းပေးခဲ့ပြီး ကျားဖြန်လုပ်ငန်းအတွင်း အသုံးပြုတဲ့ ဖုန်း၊ ကွန်ပြူတာနဲ့ တခြားစပ်ဆက်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
UWSA အနေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး ဆက်လက်နှိမ်နှင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ တန့်ယန်းမြို့နယ်ထဲက ကျေးရွာတွေဘက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဆက်ရှိနေပြီး ရွှေ့ပြောင်းစနစ်နဲ့ ဆက်လက်လုပ်ကိုင်နေကြတယ်လို့ တန့်ယန်းဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျားဖြန်တွေက အရင်တုန်းကလို မြို့ထဲမှာ ပေါ်ပေါ်တင်တင် မသွားမလာတာပဲရှိတယ်။ သတင်းရတာနဲ့ ဟိုပြောင်းလိုက်၊ ဒီပြောင်းလိုက်တော့ လုပ်နေကြတာပဲ။ အကုန်ပပျောက်တယ်ဆိုတာ မရှိပါဘူး” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာလည်း တန့်ယန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ UWSA က လွှဲပြောင်းပေးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း တန်ယန်းမြို့နယ်ထဲမှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးတာတွေရှိနေပြီး ကျားဖြန်လုပ်ကိုင်သူ ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ သတင်းထုန်ပြန်ခဲ့ဖူးပါတယ်။
တန့်ယန်းမြို့ကို စစ်ကောင်စီနဲ့ UWSA တို့ ပူးတွဲထိန်းချုပ်ထားတာ ဖြစ်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးတာတွေရှိနေပေမဲ့ မြေပြင်မှာတော့ ငွေလိမ်ဂိုဏ်းတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။