အင်းငယ်၊ ဇူလိုင် ၃ရက်၊ မိုးဗြဲ
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲလမ်းမကြီး အပါအဝင် မြို့နေရာ အများစုကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ကရင်နီတော်လှန်ရေး အင်အားစုတွေ တစ်နှစ်ကျော်ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေက ၈ လကြာထိုးစစ်ဆင်ပြီးတဲ့နောက် မနေ့ ဇူလိုင် ၂ ရက်နေ့ညမှာ ပြန်လည် ရရှိသွားတာပဲ ဖြစ်ပါတယ်။
မြေပြင်စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက “လမ်းမကြီးနဲ့ တဖက်တချက်စီပဲ။ လှမ်းမြင်နေရတယ်။ မြို့နေရာအများစုက စစ်ကောင်စီ လက်ဦးနေပြီ။ ဒီတိုင်းဆို မလွယ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို သာလွန်အင်အား ၁၀၀၀ ကျော်နဲ့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့နဲ့ ထိုးစစ်ဆင်နေပြီး တော်လှန်ရေး အင်အားစုက နေရာအများစုကို ဆုတ်ခွာပေးနေရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ KNDF (၁၀၂) တပ်ရင်းမှ တပ်စိတ်မှူး တစ်ဦး၊ PNDF (၁၀၁၁) တပ်စိတ်မှူး တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား အများစု ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ရေးအချက်အချာကျတဲ့ မိုးဗြဲမြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး လက်နက်ကျည် ခဲယမ်းတွေ ကူညီပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ မိုးဗြဲမြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေး အင်အားစုတွေက မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် မြို့နဲ့ တစ်မိုင်ခန့်သာ ကွာဝေးတဲ့ ခမရ ၄၄၂ တပ် ကျန်ရှိခဲ့တာကြောင့် အဲဒီ တပ်ရင်းကနေ တစ်ဆင့် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ခဲ့တာလို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။