လွေးလာဝ်ဇာရ်၊ ဇူလိုင် ၂ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မရှီကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးက သေနတ်နဲ့ ထပ်မံပစ်သတ်ခံရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ခန့်မှန်းခြေ အသက် (၃ဝ) ကျော်ဝန်းကျင်ရှိတဲ့ အဲဒီအမျိုးသားဟာ ဒီနေ့ ဇူလိုင်လ ၂ ရက် မနက် ၃ နာရီခွဲခန့်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“မနက်စောစောတုန်းက အဲအနီးနားက လူတွေပြောတာတော့ သေနတ်အသံ နှစ်ချက် ကြားလိုက်တယ်တဲ့။ မနက်ထကြည့်တော့ အလောင်းဖြစ်ပြီ။ လူတွေကလည်း ကြောက်လို့ ဘယ်သူမှ မထကြည့်ရဲဘူးလေ။ အသတ်ခံရသူရဲ့ ပုံစံကြည့်တာတော့ တိုင်းရင်းသားပုံစံဘဲ” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့အပြင် ဘယ်သူ့လက်ချက်ဆိုတာလည်း မသိရသေးဘူးလို့ နောက်ထပ်ဒေသံတစ်ဦးက ဆိုပါတယ်။
“ဘယ်သူက ပစ်သွားလည်းဆိုတာ မသိရဘူး။ အပစ်ခံရတဲ့သူက ဘယ်ကလဲ ဆိုတာလည်း မသိရဘူး။ သေနတ်နဲ့ ပစ်သတ်ခံရတဲ့သူတွေတော့ နေ့တိုင်းလိုလိုဖြစ်နေတယ်”
ပစ်သတ်ခံခဲ့ရတဲ့ အဲဒီအမျိုးသားအလောင်းကိုတော့ မရှီကထောင်က နာရေးလူမှုကူညီအသင်းက လာရောက်ရှင်းလင်းပေးသွားခဲ့တာလို့ ဆိုပါတယ်။
လုံးခင်းဘက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်မှာ အမျိုးသား ၁ ဦးနဲ့ ဇွန်လ ၃၀ ရက်မှာ အမျိုးသား ၁ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မှာ တစ်လကျော်အတွင်း မူးယစ်ဆေးသမားတွေအပါအဝင် သေနတ်နဲ့ ပစ်သတ်ခံရသူ ၁၂ ဦးနဲ့ ရေထဲမျောပါသေဆုံးသူ ၂ ဦး ရှိတယ်လို့ ဖားကန့်မြို့နေ Tarlin Mg က ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။