ပျားကြီး၊ ဇွန် ၃၀
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ငါးချဥ်ချောင်းကျေးရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၂၉ ရက် မနက်ပိုင်းက ငါးချဥ်ချောင်းရွာကနေ ကုန်းရွာဖက်ကို ဘောလုံးကန်ဖို့ထွက်လာတဲ့ လူငယ်တွေကို စစ်ကောင်စီ စစ်ကြောင်းက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
“ရွာမှာက ဘုရားပွဲရှိတယ်။ အဲ့ဒီမှာကလေးတွေကဘောလုံးကန်ဖို့သွားကြတာ။ လမ်းမှာစစ်ကြောင်းနဲ့တွေ့လို့ပြန်အလှည့် ဖုန်းပြုတ်ကျလို့ ဆင်းကောက်တဲ့အချိန်ပစ်သတ်လိုက်တာပဲ။ ပြီးတော့ အလောင်းကိုပုဆိုးနဲ့ထုတ်ပြီး ယူသွားပြီး လမ်းမှာပစ်ထားခဲ့လိုက်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၁၇ နှစ်အရွယ် အောင်သူထွန်းဖြစ်ပြီး ဒီနေ့မှာ ရုပ်အလောင်းကို သင်္ဂြိုလ်ဖို့ စီစဥ်ထားတယ်လို့ မိသားစုဝင်တစ်ဦးကဆိုပါတယ်။
ဆိပ်ဖြူ – ဆောလမ်းနဲ့ ပုသိမ် – မုံရွာလမ်းကြားမှာရှိတဲ့ ငါးချဥ်ချောင်းကျေးရွာဟာ စစ်ကောင်စီရဲ့မကြာခဏစစ်ကြောင်းထိုးမှုကို ခံရလေ့ရှိပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကလည်း အိမ်ခြေပေါင်း ၂၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ကျေးရွာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။