ယာရူစိင်၊ ဇွန်လ ၂၈ ရက်၊ ပုလော
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ ပျူ ၃ ဦးသေဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ ပုလောမြို့နယ် ကျောက္ကာရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ရွှေဖီမြေကို ပြောပါတယ်။
“ဒေသခံတွေ ရှောင်ရတာမျိုးတော့ မရှိဘူးဗျ။ ပျူကတော့ ၁၀ ဦးဝန်းကျင်လောက်ပဲ ရှိပါတယ်ဗျ။ အရင်က ပြည်သူ့စစ်ရှိတဲ့ နေရာပါ။ သူက ကျွန်းရွာလေးဆိုတော့ ရေတပ် စစ်သင်္ဘောတွေ အမြဲလိုလိုရှိတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မှာ ကျွန်တော်တို့ ဒီစခန်းကို ၂ ကြိမ်တိုက်ဖူးတယ်။ အဲဒီနောက် ရေတပ် စစ်သင်္ဘော ၂ စီး ၃ စီး အမြဲကျောက်ချပြီး နေတယ်ဗျ။ မနေ့က တိုက်ခိုက်ချိန်မှာတော့ ရှိမနေဘူး”လို့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆက်ပြောပါတယ်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းချိန်မှာ M16 A1 ရိုင်ဖယ် ၄ လက်၊ ကျည်ဘောက် ၂ ခု၊ AK-47 ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် ၁၀၀၀ တောင့်၊ ၇.၆၂ ကျည် ၁၃၈ တောင့်၊ လက်ဗစ်ဗုံး ၂ လုံးနဲ့ အခြား စစ်အသုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသား ကားကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။