လွေးထွေး၊ ဇွန်လ ၂၇ ရက်၊ မူးမြို့နယ်
ပဲခူးတိုင်း မူးမြို့နယ်ရှိ ကျေးရွာတချို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇွန်လ ၂၆ ရက် မနက်အစောပိုင်းမှာ မူးမြို့နယ်ရှိ ကညွတ်ကွင်း အခြေစိုက်စခန်း ခမရ-၄၃၉ မှ မူးမြို့နယ် ကညင်တဲကျေးရွာ၊ လင်းရောင်ခင်ကျေးရွာနဲ့ ခြောက်အိမ်စုကျေးရွာကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့လို့ အသက် ၃၀ ဝန်းကျင်အရွယ် မဟန်နီစိုးနဲ့ အသက် ၂၀ အရွယ် မောင်ဘုန်းချစ်နိုင်တို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စကစဟာ ဒီဘက်မှာ တပ်စခန်း တစ်ခုပြီးတစ်ခု လက်လွတ်ခဲ့ရတာကြောင့် တော်လှန်းရေးတပ်တွေကို လူထုတွေက ထောက်ပံ့အားပေးရကောင်းလားဆိုတဲ့ ပုံစံမျိုးနဲ့ တမင်တကာ လူထုကို ပစ်မှတ်ထား ကြောက်စိတ်ဝင်အောင် လုပ်ဆောင်တာ ဖြစ်တယ်” လို့ ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
KNU ထိန်းချုပ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNU/KNLA တို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး တပ်စခန်း ၁၀ ခုကျော်ကို စစ်ကောင်စီတပ်က လက်လွှတ်ထားရသလို ကျန်စခန်းတွေ ထပ်မကျဖို့လည်း လေကြောင်းကနေ ခုခံကာကွယ်နေတာကြောင့် ဒေသခံတွေ ဂရုတစိုက်နေထိုင်ကြဖို့ လိုအပ်ကြောင်း သူက ဆိုပါတယ်။
အလားတူ ဇွန်လ ၂၄ ရက်နဲ့ ၂၅ ရက်ကလည်း လယ်ဒိုမြို့နယ် နတ်သံကွင်းမှ စစ်ကောင်စီတပ်နဲ့ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ မှ ကညင်းကျိုးကျေးရွာ၊ သမင်အင်းကုန်းကျေးရွာ ဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရသလို အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။