အိုက်ပွီး၊ ဇွန်လ ၂၆ ရက်၊ ကလေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျောင်းတက်ကြရင်း ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၆ ဦးဟာ တစ်ပတ်ကြာထိ ရှာဖွေပေမယ့် ပြန်မတွေ့သေးဘဲ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ နီးစပ်သူတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့၊ မနက် ကလေးမြို့၊ အထက (၈) ကျောင်းမှာ ကျောင်းတက်ရင်း နေအိမ်သို့ ပြန်ရောက်မလာကြဘဲ ပျောက်ဆုံးသွားတာဖြစ်ပြီး ဒီနေ့ဇွန်လ ၂၆ ရက်နေ့ထိ ပြန်မတွေ့သေးတာဖြစ်ပါတယ်။
“ကျတော်ညီလေးက ကျောင်းကို မနက်အစောသွားတာ ကျောင်းရောက်မလာဘူးတဲ့။ ကျတော်တို့ ကျောင်းဆရာတွေ၊ သူ့သူငယ်ချင်းတွေကို မေးမှ ကျောင်းမရောက်ဘဲ ပျောက်သွားတာ သိရတာပါ။ ညီလေးမှာဖုန်းပါတယ်။ ဖုန်းလည်း ဆက်မရဘူး။”လို့ ပျောက်ဆုံးသွားတဲ့ ကျောင်းသားမိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ ကျောင်းသားတွေဟာ အသက် ၂၁ နှစ်အရွယ် မောင်အောင်မြင့်နိုင်၊ အသက် ၁၇ နှစ်အရွယ် မောင်ကောင်းမြင့်နိုင်၊ အသက် ၁၇ နှစ်အရွယ် မောင်မားဟုန်၊ အသက် ၁၅ နှစ်အရွယ် မောင်ကျော်ဇင်ဖြိုး၊ အသက် ၁၅ နှစ်အရွယ် မောင်ဇော်သူလင်း နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဘွေထချွတို့ဖြစ်ပါတယ်။
“ပျောက်သွားတဲ့နေ့ကတည်းက ရှာတယ်။ ဒီနေ့ထိ ဘာမှအဆက်အသွယ်အစန မရသေးဘူး။ နေရာတွေလည်း စုံနေပါပြီ။ မိသားစုဝင်တွေက စိတ်ပူတာကလွဲရင် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ပျောက်တာကြာလာတာနဲ့ ပိုပြီး စိတ်ပူနေရတယ်။ “လို့ နောက်ထပ်မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကလေးမြို့က စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းပေမယ့် ကျောင်းသားတွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး သေချာစွာအဖြေကြားပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။
ကလေးမြို့မှာ စစ်ကောင်စီတပ်က အခုရက်ပိုင်း ရပ်ကွက်ထဲ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်ပြီး လူငယ်တွေဖမ်းဆီးကာ စစ်မှုထမ်းခိုင်းဖို့ စစ်သင်တန်းထဲပို့ဆောင်တာတွေ လုပ်တာကြောင့် စစ်မူထမ်းထဲပါသွားမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။