ရွှေဖီမြေ၊ ဇွန်လ ၂၆ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်း ၉ ခုကို နယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့ ဇွန်လ ၂၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၉ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၃ ဦးဖမ်းဆီးမိခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်အစုံ ၁၆ လက်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို NUG ရဲ့အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ် (၃၅၀၃) တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်းနဲ့ KNLA တပ်ရင်း(၉) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။