မြတ်နိုး၊ ဇွန် ၂၅၊ မုံးကိုး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA တပ်ဖွဲ့ ထိန်းချုပ်ရာ မုံးကိုးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ညပိုင်းကနေအိမ်တစ်ခုက အမျိုးသမီး ၂ဦးကို သတ်ဖြတ်ခဲ့ပြီး တရားခံ ထွက်ပြေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဆေးကြောင်ပြီး သတ်ပစ်တာလို့ ပြောတာပဲ။ အတိအကျတော့ မသိဘူး”လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
အဲဖြစ်စဉ်ဟာ မုံးကိုး ရပ်ကွက် ၄ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သတ်ဖြတ်ခံရသူတွေနဲ့ လူသတ် တရားခံက နဂိုကတည်းက သိကျွမ်းကြတဲ့ လူတွေဖြစ်ပြီး ဘာကြောင့် လူသတ်မှု ဖြစ်သွားတာကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ အမျိုးသမီးရဲ့ အမျိုးသားကလည်း မူးယစ်ဆေးဝါးသုံးစွဲလို့ MNDAA တပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ အဲဒီအမျိုးသားက ထွက်ပြေး ပုန်းရှောင်နေပြီး MNDAAက လိုက်လံရှာဖွေနေဆဲဖြစ်ကာ အခုချိန်ထိ မတွေ့သေးဘူးလို့ ဆိုပါတယ်။
“သူ့ယောက်ျားရဲ့ တပည့် သတ်ပစ်လိုက်တာလို့ ပြောတယ်။ အဲဒီ အမျိုးသမီးကို ဈေးရောင်းကူတဲ့ အသက် ၁၉ နှစ် အရွယ် မိန်းကလေး တစ်ဦးကိုလည်း သတ်လိုက်တယ်။” လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ တုန်းကလည်း နမ့်ဖတ်ကာက ယာဉ်ပိုင်ရှင်ယာဉ်မောင်း တစ်ဦးကိုလည်း ဓားပြအဖွဲ့က ပြန်ပေးဆွဲပြီး မုံးကိုးမြို့အနီး လမ်းမဘေးက ချောက်ထဲမှာ သတ်ပစ်ပြီး စွန့်ပစ်ထားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။