စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရှမ်းမြောက် လားရှိုးမြို့အပါအဝင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ ဒီနေ့ ဇွန်လ ၂၅ ရက်မှာ ၁ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုတော့ တရုတ်ရဲ့ ဖိအားကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်မှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကိုတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနည်းတဲ့ ပြန်တိုက်ယူနိုင်တာ မရှိသေးပေမဲ့ အင်အားထောင်နဲ့ချီ အသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီးကို ရောက်ရှိလာပြီး နောင်ချိုမြို့ကို စစ်ကောင်စီထံ လက်လွှတ်ရတော့မလားဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
နောင်ချိုမြို့သိမ်းတိုက်ပွဲ
စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် အခြေစိုက်ရာ ပြင်ဦးလွင်မြို့နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ချိန် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ပါတယ်။
နောင်ချိုမြို့အနီးရှိ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (၁၁၄) နဲ့ (၁၁၅) အပါအဝင် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်မှာတော့ နောင်ချိုမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
နောင်ချိုမြို့ကို ထိန်းချုပ်ပြီးနောက် TNLA နဲ့ ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့ရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်တွေ တည်ရှိရာ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
တောင်းခမ်းကျေးရွာဟာ နောင်ချိုနဲ့ ရှမ်းတောင် ရပ်စောက်မြို့နယ်အစပ်မှာ တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ နေရာလည်း ဖြစ်ပါတယ်။
တောင်းခမ်းမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ အပါအဝင် အမြောက်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ စတဲ့တပ်တွေ အခြေချတပ်စွဲထားတာ ဖြစ်ပါတယ်။
တောင်းခမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ချိန် စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ၄၀၆ ကို တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီး ကျန်တဲ့တပ်စခန်းတွေကို လနဲ့ချီကြာ ပိတ်ဆို့နိုင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်
တောင်းခမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့နိုင်ခဲ့ပေမဲ့ ရပ်စောက်မြို့နယ်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဟန့်တားဖို့ အခက်အခဲရှိနေပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ပြင်ဦးလွင်လုံခြုံရေးအတွက် အရေးပါတဲ့ နောင်ချိုစစ်မျက်နှာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အင်အားထောင်နဲ့ချီ အသုံးပြုကာ TNLA နဲ့ ပူးပေါင်းတပ်တွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် TNLA နဲ့ ပူးပေါင်းတပ်တွေဘက်က ခံစစ်အသွင်းပြောင်းလာပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းပြီးနောက် စစ်အင်အား သောင်းနဲ့ချီ ပြန်လည်ဖြည့်တင်းနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုစစ်မျက်နှာအတွက် စစ်အင်အားတွေ ဖြည့်တင်းနိုင်ခဲ့တာဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
တောင်းခမ်းဘက်ကနေ နောင်ချိုမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ တောင်းခမ်း-မဲပုတ်ကျေးရွာနဲ့ တောင်းခမ်း-ယာပြင်ကျေးရွာဘက်ကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး ထောင်နဲ့ချီ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုတိုက်ပွဲမှာ အဆင့်မြင့် ဒရုန်းတွေကို ပိုသုံးလာနိုင်ပြီး စစ်ကောင်စီရဲ့ ဒရုန်းစစ်ဆင်ရေးဟာ နောင်ချိုစစ်ရေးချိန်ခွင်ကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဟာ နောင်ချိုမြို့နဲ့ ၁၀ မိုင်အကွာ ယာပြင်ကျေးရွာနဲ့ နောင်လင်ကျေးရွာအထိ ရောက်ရှိလာပြီး TNLA နဲ့ ပူးပေါင်းတပ်တွေက ၎င်းတို့ ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
ပြင်ဦးလွင်-နောင်ချိုလမ်းဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကတော့ အုမ္မတီးကျေးရွာထိကိုသာ ရောက်ရှိနိုင်ပြီး ရှေ့မတိုး နောက်မဆုတ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
နောင်ချိုမြို့အနီး အပြင်းအထန်ဆုံးတိုက်ပွဲ
နောင်ချိုမြို့အနီးကို ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ TNLA တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဥ်လိုလို ပြုလုပ်နေပါတယ်။
လက်ရှိမှာ နောင်ချိုမြို့အနီး ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်းနဲ့ လုံဝယ်ကျေးရွာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ လာမယ့် ဇူလိူင်ပထမအပတ်မှာ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းမယ်ဆိုပြီး ဝါဒဖြန့် အောင်ပွဲခံနေကြပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း နောင်ချိုမြို့ လက်မလွတ်ရရေး စစ်ကောင်စီစစ်ကြောင်းကို ဆက်လက်ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေပါတယ်။
နောင်ချိုတိုက်ပွဲမှာ TNLA နဲ့အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA လည်း ပါဝင်တိုက်ခိုက်နေပါတယ်။
နောင်ချိုမြို့ လက်မလွတ်ရရေးအတွက် TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တန်ပြန်ထိုးစစ်တွေ ပြန်စမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။