အင်းငယ်၊ ဇွန်လ ၂၄၊ မိုးဗြဲ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနီးတစ်ဝိုက်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်း အရင်အမြစ်တွေက ပြောပါတယ်။
ဇွန်လ ၁၅ ရက်နေ့ကတည်းက နေ့စဉ်ထိတွေ့မှု ဖြစ်ပွားနေပြီး မနေ့ ဇွန် ၂၃ အထိ ဖယ်ခုံမြို့ အခြေစိုက် ခလရ – ၃၃၆ တပ်ကနေ လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့သလို အသေခံဒရုန်းနဲ့လည်း တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲဝင်နေသူ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက “မနေ့ညနေတော့ စကစတွေ တောင်ပို့ကွဲအထိ ပြန်ဆုတ်ထားတယ်။ ညပိုင်းကျတော့ ဆောင်နန်ခဲကို လက်နက်ကြီးနဲ့ ထုတယ်။ လေယာဉ်တွေတော့ ပဆေးလာ၊ ချယ်ရီကုန်းဘက် ဆက်တိုက်ဝဲတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ပူးပေါင်းတပ်ဟာ မိုးဗြဲမြို့ကို ပြန်လည် ရရှိဖို့အတွက် မိုးဗြဲမြို့အခြေစိုက် ခမရ ၄၄၂ ကို စစ်မှုထမ်းအသစ်တွေနဲ့ အင်အား ၅၀၀ စစ်ကြောင်း ၂ ကြောင်းခွဲပြီး အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။
မိုးဗြဲတိုက်ပွဲ တစ်ပတ်အကြာမှာ ဒီနေ့ (ဇွန်လ ၂၄)ရက်နေ့အထိ ၂ ဖက် ထိခိုက်မှု အကျအဆုံးများနေပြီး အသေးစိတ်ကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“အရင်ကတော့ ရာဂဏန်းလောက်ပဲ။ အခုသူတို့က ထောင်ဂဏန်း ဖြစ်နေပြီ။ သူတို့က စစ်မှုထမ်းအသစ် ရထားတာနဲ့ လက်နက်တွေကလည်း ဗုံးပေါလအော သုံးလို့ရတယ်။ ကျနော်တို့က တစ်ပွဲကဖို့ဆို တော်တော်စဉ်းစားရတယ်။ အခု ကာဆန်းရွာနားမှာ သူတို့ နေရာချထားတယ်” လို့ မြေပြင်အရင်းအမြစ် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆက်ပြောပါတယ်။
လက်ရှိ ကရင်နီပြည်ကိုဝင်မယ့် ကုန်သည်တွေ အနေနဲ့ ကန်ခုနစ်ဆင့်၊ ချယ်ရီကုန်း၊ ပဆေးလာ စတဲ့ဂိတ်တွေကို သတိထားဖို့ လိုအပ်ပြီး ဖာဆောင်း၊ ဘော်လခဲဘက်ကို ခရီးဆက်သွားမယ့်သူတွေ အနေနဲ့လည်း လတ်တလော မသွားလာသင့်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။
တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစပြီး ထိုးစစ်ဆင်နေပေမယ့် လက်ရှိချိန်အထိ မကျော်လွန်နိုင်သေးပါဘူး။
မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတစ်လျှောက်ကိုလည်း ဇွန်လ ၈ ရက်နေ့ကတည်းက ၂ ဖက်တပ်တွေ ပိတ်ဆို့ထားပြီး တိုက်ပွဲအခြေအနေ အနည်းငယ် ငြိမ်သွားမှသာ ပြန်ဖွင့်ပေးမယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။