အိုက်ပွီး၊ ဇွန်လ ၂၄ ရက်၊ ထီးလင်း
မကွေးတိုင်း၊ ယောနယ်၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ အချုပ်ကျတဲ့ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အများပြား ရိုက်နှက်စစ်ဆေးခံရတယ်လို့ စစ်ရေးနဲ့နီးစပ်သူဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ထီးလင်းမြို့မရဲစခန်းမှာ နိုင်ငံရေးကြောင့် မတရားဖမ်းဆီး အချုပ်ကျနေတဲ့ အချုပ်သား ၁၃ ဦးဟာ အချုပ်ခန်းဖောက်ထွင်းပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
အဲဒီအချုပ်သားတွေ ထွက်ပြေးလွတ်မြောက်မှုနဲ့ပတ်သက်ပြီး ရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တခြားရဲတပ်ဖွဲ့ဝင်တချို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်စစ်ဆေးမှုတွေခံရပြီး နှစ်ဦးဟာ သေဆုံးသွားခဲ့ပါတယ်။
“အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်ချင်း အဲဒီညမှာပဲ ဇွန်လ ၁၇ ရက်နေ့ ရဲစခန်းမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးစစ်ဆေးခံရတယ်။ အဲဒါနဲ့ဆက်စပ်ပြီး တခြားရဲတွေလည်း စစ်ဆေးခံရပါတယ်။ အဓိက စစ်ဆေးရိုက်နှက်ခံရတာက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေပေါ့။ စစ်ဆေးရင်း ထိုးကြိတ်မှုဖြစ်ပြီး လက်လွန်ရာကနေ နှစ်ယောက် သေဆုံးသွားတယ်။”လို့ စစ်ရေးနဲ့နီးစပ်သူဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသွားသူတွေဟာ စခန်းတာဝန်ကျ ရဲတပ်ကြပ် မြင့်အောင် နဲ့ ရဲတပ်ကြပ် ကျော်ဆန်းထွေးတို့ဖြစ်ပါတယ်။
ရဲတပ်ကြပ် မြင့်အောင်ဟာ ထီးလင်းမြို့မရဲစခန်းကို ပြောင်းရွှေ့တာဝန်ကျလာတာ မကြာသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တခြားရဲတပ်ဖွဲ့ဝင်တွေကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်စစ်ဆေးထိုးကြိတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်းတွေရှိသေးတယ်လို့ ဆိုပါတယ်။
အဲဒီအချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ထီးလင်းမြို့မရဲစခန်း ကျန်ရှိနေသေးတဲ့ အချုပ်သား ၁၀ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တင်းကြပ်ထားတယ်လို့ စစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။