အင်းငယ်၊ ဇွန် ၂၄၊ တောင်ကြီး
ရှမ်းပြည်တောင်ပိုင်းက မြို့နယ်အများစုမှာ စစ်ကောင်စီ လက်အာက်ခံ ယာဉ်ထိန်းရဲတွေက လိုင်စင်မဲ့ယာဉ်တွေကို ဇွန်လအတွင်းမှာ နေ့စဉ်ရက်ဆက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ဖမ်းဆီးရာမှာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ(PNO)ရဲ့ အရာရှိပိုင်းတွေနဲ့ သူတို့ မိသားစုဝင်တွေရဲ့ ယာဉ်တွေကတော့ ပါဝင်တာမျိုး မရှိဘူးလို့ PNO နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
တောင်ကြီးမြို့ရှိ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခံရသူ တစ်ဦးက “PNO ရုံးမှာတင် သွားကြည့်လိုက်။ လိုင်စင်မဲ့ယာဉ်တွေ တန်းစီနေတာပဲ။ သူတို့ သားသမီးတွေလည်း တစ်မြို့လုံး ပတ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ညောင်ရွှေ၊ ဆီဆိုင် စတဲ့မြို့နယ်တွေမှာ PNO နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)တွေက လိုင်စင်မဲ့ယာဉ်တွေနဲ့ သွားလာလှုပ်ရှားနေကြပြီး ပြည်သူပိုင်ယာဉ်တွေကိုလည်း ချောဆွဲအသုံးပြုနေတာတွေ ကြုံနေရတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့နယ် ဒေသခံ တစ်ဦးက “အရင် ဆီဆိုင်တိုက်ပွဲတုန်းက သူတို့ ချောဆွဲသွားတာတွေ အများကြီး ရှိတယ်။ အဲဒါတွေ အခုထိ ပြန်မပေးသေးဘူး။ မပေးတဲ့အပြင် အဲတာတွေ ထုတ်စီးနေသေးတယ်။ လိုင်စင်တွေ တစ်စီးမှ မပါဘူး” လို့ ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းရှိ လူမှုကူညီရေးအသင်းတွေနဲ့ ဿာသနာပိုင်တွေကိုတော့ ဖောင်ပြန်တင်ခွင့် ရှိတယ်လို့ ကြေညာထားပြီး လက်တွေ့မှာတော့ အကောင်အထည် မဖော်နိုင်သေးတဲ့အပြင် စစ်ကောင်စီနဲ့ ပတ်သက်မှုရှိတဲ့ လူမှုကူညီရေးအသင်းတွေကိုပဲ စီးနင်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်က တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း နိဗ္ဗာန်လမ်းဆုံ၊ အရှေ့မြို့ပတ်လမ်း၊ တောင်ကြီးတက္ကသိုလ်ရှေ့နဲ့ လူပြတ်တဲ့ လမ်းတချို့မှာ ယာဉ်ထိန်းရဲတွေက လိုင်စင်မဲ့ကား အစီး ၄၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့တွင်းလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လိုင်စင်မဲ့ကား ရောင်းချသူအဖြစ် အသွင်ယူပြီး လိုက်လံဖမ်းဆီးနေတာကြောင့် ကားပွဲစားတွေလည်း သတိထားကြဖို့အတွက် ကိုယ်တိုင်ကြုံခဲ့ရသူတချို့က သတိပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။