အွန်လိုင်းငွေလိမ်ဂိုဏ်းလို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းဟာ မကြည်အတွက် စိမ်းတဲ့အလုပ်တော့ မဟုတ်ပါဘူး။
အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့ မကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာလည်း ကျားဖြန့်လုပ်ငန်းမှာ အလုပ် လုပ်ကိုင်ဖူးပါတယ်။ မတူတာကတော့ အရင်က မကြည်လုပ်ခဲ့ဖူးတဲ့ ကျားဖြန့်ရုံနဲ့ ဒီ ၂၀၂၅ ခုနှစ်ထဲမှာ ဝင်လုပ်ခဲ့တဲ့ ကျားဖြန့်ရုံမှာ တရုတ်နိုင်ငံသားတွေ နှိပ်စက်ခံနေရတဲ့ အခြေအနေတွေပါ။
မကြည်ဆိုတာ သူမရဲ့ လုံခြုံရေးကြောင့် အမည်လွှဲထားတာ ဖြစ်ပါတယ်။
မကြည်ဟာ ပြီးခဲ့တဲ့ဇွန်လ ပထမအပတ်ကစပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ မင်္ဂလာမူဆယ်ရှိ ကျားဖြန့်ရုံတစ်ခုမှာ ထမင်းချက်၊ သန့်ရှင်းရေးအလုပ်တွေ စတင်လုပ်ကိုင်ပါတယ်။
သူမလုပ်ကိုင်တဲ့ ကျားဖြန်ရုံမှာ ကျားဖြန်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား (၈၀) ဝန်းကျင်ရှိပြီး အများစုက တရုတ်နိုင်ငံဘက်ကနေ ရောင်းစားခံရတာ ဖြစ်ပါတယ်။
သူတို့တွေကို အပြင်ထွက်ခွင့် လုံးဝမပေးသလို သတ်မှတ်ထားတဲ့ ပမာဏထက် မလိမ်နိုင်ရင် ရိုက်နှက်နှိပ်စက်ခံရတာ၊ အရိုးကျိုးတဲ့အထိ ရိုက်နှက်ခံရတာနဲ့ နာရီနဲ့ချီ ဒူးထောက်ခိုင်းတာ၊ ၂၀ လီတာဆန့် ရေသန့်ဗူးကို ပုခုံးပေါ်တင်ပြီး မတ်တပ်ရပ်ခိုင်းတာ စတာတွေနဲ့ နှိပ်စက်ခံရပါတယ်။
“နှိပ်စက်တာတော့ ကမ်းကုန်ဘဲ။ မတ်တပ်ရပ်ခိုင်းပြီးတော့ သံတုတ်နဲ့ ရိုက်တာ။ နှိပ်စက်နည်း အမျိုးမျိုးဘဲ” လို့ မကြည်က တရုတ်နိုင်ငံသားတွေ ရိုက်နှက်ခံရတဲ့ အခြေအနေကို ပြောပြပါတယ်။
ဒါ့အပြင် ငွေမလိမ်နိုင်တဲ့သူတွေကို ရိုက်နှက်ပြီးရင် ခွေးတွေရဲ့ လှောင်အိမ်ထဲမှာ ချုပ်နှောင်ထားတယ်လို့ မကြည်က ပြောပါတယ်။
ဒီလိုရိုက်နှက်နှိပ်စက်တာကို မကြည်နေ့စဥ်လိုလို မြင်နေရတာပါ။ ရိုက်နှက်နှိပ်စက်ခံရလို့ ဒဏ်ရာရတဲ့သူတွေကို ကျားဖြန့်ရုံအပြင်မှာ ဆေးကုသခွင့်မပေးဘဲ ဆေးကုသပေးမဲ့ ဆရာဝန်တွေကို ကျားဖြန့်ရုံအထိ ခေါ်ထားတယ်လို့ မကြည်က ပြောပါတယ်။
ဒါ့အပြင် ရိုက်နှက်နှိပ်စက်ခံရလို့ ဒဏ်ရာရတဲ့သူတွေကို ကျားဖြန်ရုံဘက်က ဆေးကုသပေးတာမဟုတ်ဘဲ ကိုယ့်ငွေနဲ့ကို ဆေးကုသရတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့က ရိုက်ရိုက်ပြီးတော့ ဆေးဖိုးက ရိုက်ခံရသူပဲ ပေးရတာ။ သူတို့ဘဝက သနားစရာကြီး။ တချို့က ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ ဘာမှ မစားနိုင်ဘူး”
မကြည်အလုပ် လုပ်ကိုင်ခဲ့တဲ့ ကျားဖြန့်ရုံမှာ တရုတ်လူမျိုး ပိုင်ဆိုင်တာဖြစ်ပြီး ကျားဖြန့်ရုံအပြင်မှာ လုံခြုံရေးဝန်ထမ်းတွေ ခန့်ထားသလို အဲဒီလုံခြုံရေးဝန်ထမ်း အများစုဟာလည်း ရှမ်းမြောက်က တအာင်း၊ ရှမ်းနဲ့ ကချင် စတဲ့လူငယ်တွေ ဖြစ်ပါတယ်။
“ပိုင်ရှင်က တရုတ်လူမျိုးဘဲ။ တရုတ်နိုင်ငံက တရုတ်လား။ မြန်မာပြည်က တရုတ်လားတော့ မသိဘူး” လို့ မကြည်က ပြောပါတယ်။
သန့်ရှင်းရေး၊ ထမင်းချက်၊ လုံခြုံရေးလုပ်တဲ့သူတွေဟာ တစ်လကို တရုတ်ယွမ် တစ်ထောင် ဝန်းကျင်ရကြပြီး ကျားဖြန့်ရုံမှာ ရောင်းစားခံရတဲ့ တရုတ်နိုင်ငံသားတွေက လစာသတ်မှတ်ထားတာ မရှိနိုင်ဘဲ ငွေလိမ်နိုင်တဲ့ ပမာဏအပေါ်မူတည်ပြီး ငွေရတယ်လို့ မကြည်က ပြောပါတယ်။
“မလိမ်နိုင်ရင် ပိုက်ဆံလည်း မရဘူး။ ရိုက်လည်း ရိုက်ခံရသေးတယ်။ မလိမ်နိုင်တဲ့ နေ့ဆိုရင် တစ်ရက်ကို နှစ်ခါလောက် ရိုက်ခံရတယ်” လို့ မကြည်က ပြောပါတယ်။
သန့်ရှင်းရေး၊ ထမင်းချက်နဲ့ လုံခြုံရေးလုပ်သူတွေ အပြင်ထွက်ခွင့်ရှိပေမဲ့ ကျားဖြန့်ရုံမှာ ရောင်းစားခံရတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ခွင့် ပိတ်ပင်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာတော့ မူဆယ်မြို့ရှိ ကျားဖြန့်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့စဥ် မကြည်တို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သူနေထိုင်တဲ့ ကျားဖြန့်ရုံမှာ လုပ်ကိုင်သူတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ စွမ်စော်နဲ့ ကောင်းမူတုံရပ်ကွက်ရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မူဆယ်မြို့က ကျားဖြန့်ရုံတွေမှာ ရောင်းစားခံရတဲ့ တရုတ်နိုင်ငံသားတွေ အများအပြားရှိနေပြီး ငွေမလိမ်နိုင်တဲ့သူတွေ ရိုက်နှက် နှိပ်စက်ခံနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
“မူဆယ်က ကျားဖြန့်ရုံတွေ တစ်ရက်အချိန်ယူပြီး စာရင်းလိုက်စုရင်တောင် ပြီးနိုင်မှာ မဟုတ်ဘူး” လို့ မူဆယ်မြို့မှာ ကျားဖြန်ရုံတွေ များပြားတဲ့ အခြေအနေကို မကြည်က ပြောပါတယ်။
မူဆယ်မြို့က ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ် လိုက်လံစီးနင်းပြီးနောက် ကျားဖြန်ရုံတွေဟာ နေရာပြောင်းရွှေ့ပြီး လုပ်ကိုင်နေသလို တချို့ကျားဖြန်ရုံတွေလည်း တစ်လကြာ ပိတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ရှိ ကျားဖြန့်တွေကို စစ်ကောင်စီတပ်ဘက်က လိုက်လံစီးနင်းနေစဥ် မင်္ဂလာမူဆယ်ရှိ ကျားဖြန်ရုံတစ်ခုမှ တရုတ်အမျိုးသားတစ်ဦး ထွက်ပြေးဖို့ ကြိုးစားနေစဥ် ပစ်သတ်ခံခဲ့ရပါတယ်။
မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅ သောင်းနီးပါးလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောထားပါတယ်။
စစ်ကောင်စီတပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ်လို့ မကြာခဏထုတ်ပြောပေမဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ဒေသတွေမှာ ကျားဖြန့်လုပ်ငန်းဟာ ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပါတယ်။
မကြည်ကတော့ လက်ရှိမှာ သူမနေထိုင်ရာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ဘက်ကို ပြန်ရောက်နေပါပြီ။
ကျားဖြန့်ရုံမှာ အခုလို လူမဆန်တဲ့ ရိုက်နှက်မှုတွေကို တွေ့မြင်ခဲ့ရတာကြောင့် ကျားဖြန့်ရုံတွေမှာ အလုပ်တွေ ဆက်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
“ဒီလိုဖြစ်မှန်းသိရင် မတက်လာပါဘူး။ အရင်လုပ်တဲ့နေရာက အဲလိုမဟုတ်ဘူးလေ။ ပြန်သွားဖို့တော့ အစီအစဥ် မရှိတော့ဘူး” လို့ မကြည်က ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။