ရွှေဖီမြေ၊ ဇွန်လ ၂၃ ရက်၊ သိန္နီ
စစ်ကောင်စီထံ ပြန်ပေးမယ်လို့ သတင်းထွက်နေတဲ့ ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ တာဝန်ထမ်းဆောင်မယ့် အရာရှိအသစ်တွေကို ကြိုဆိုတဲ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်က ဒီနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်မှာ သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီက တာဝန်ထမ်းဆောင်မယ့် အရာရှိ ၂၇ ဦးနဲ့ အလုပ်တာဝန်ခွဲဝေတဲ့ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို လာမယ့် စက်တင်ဘာလထဲ စစ်ကောင်စီတပ်ထံ ပြန်လွှဲပြောင်းပေးမယ်လို့ သတင်း ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
သိန္နီမြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးမယ်လို့ သတင်း ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးဘူး။
သိန္နီမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်မှာ စစ်ကောင်စီတပ်ထံ ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။