ရဲမာန်၊ ဇွန်လ ၂၃ ရက်၊ ကော့ကရိတ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းက ထီးကပလယ် တပ်စခန်းကို ၂၈ နှစ်အကြာမှာ ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KNLA နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်- PDF၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- KNDO တို့ ပူးပေါင်းပြီး ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
၁၉၉၇ ဖေဖော်ဝါရီမှာ ထီးကပလယ် တပ်စခန်းကို စစ်ကောင်စီတပ်က သိမ်းယူထားပြီးနောက် မနေ့ ဇွန်လ ၂၂ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
“ထီးကပလယ် တပ်စခန်း ကျသွားပြီဆို သူတို့အခြေအနေ သိပ်မကောင်းတော့ဘူး။ အရေးကြီးဆုံး နယ်စပ်စခန်းဖြစ်တဲ့ ထီးခီးကုန်သွယ်ရေးဇုန်ကလည်း ၉၀ ရာခိုင်နှုန်းကျော်လောက် ကျနော်တို့လက်ထဲ ရောက်သွားပြီ” လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရွှေဖီမြေကို ပြောပါတယ်။
ကရင်နီနယ်စပ်နဲ့ KNU ရဲ့ တပ်မဟာ ၅ တစ်ကြောလုံးမှာတော့ စစ်ကောင်စီတပ်စခန်း တစ်ခုမှ မရှိတော့ဘဲ ဘုရားသုံးဆူမှာတော့ နယ်စပ်စခန်း ၂ ခု ကျန်သေးတယ်လို့ ၎င်းက ဆက်ပြောတယ်။
မာနယ်ပလော ဌာနချုပ်ကနေ ဆုတ်ခွာခဲ့ရပြီးနောက် ၁၉၉၅ မေလမှာ ထီးကပလယ် တပ်စခန်းကို KNU က ဌာနချုပ်သစ်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ၂ နှစ်အကြာမှာ စစ်ကောင်စီတပ်က ကျူးကျော်သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။