ယာရူစိင်၊ ဇွန်လ ၂၁ ရက်၊ နမ့်ခမ်း
တအာင်းတပ် TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသဖက်မှာ စားဝတ်နေရေးခက်ခဲတဲ့ နေအိမ်တွေကို PSLF/TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဆန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲမှာ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးဌာနက မိုင်းဝီးဒေသရှိ စားဝတ်နေရေးခက်ခဲနေတဲ့ ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံတွေကို ဆန် ၁၂၇ အိတ် ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒေသခံတစ်ဦးကလည်း ”တကယ်အဆင်မပြေတဲ့ အိမ်တွေကို ထောက်ပံ့ပေးသွားတာ တွေ့ရတော့ ပျော်မိတယ်ပေါ့နော်။ တချို့အိမ်တွေဆို စားဖို့ဆန်လုံးဝမရှိတဲ့ နေအိမ်တွေဆိုတာ တကယ်ရှိတော့လေ”ဆိုပြီး ပြောပါတယ်။
စားဝတ်နေရေးခက်ခဲတဲ့ နေအိမ်တွေအတွက် TNLA က ဆန်တွေ ထောက်ပံ့ပေးတဲ့အပေါ် ဒေသခံတစ်ဦးအနေနဲ့ ကျေးဇူးတင်ကြောင်းကိုလည်း ၎င်းက ဆက်ပြောပါတယ်။
TNLA က ပန်ယုတ်(အောက်)၊ ပန်ယုတ်(ထက်)၊ စေကင်း၊ မန်ပူး၊ မန်ပန်၊ ပန်ဟန်၊ နမ့်စန်၊ ပြင်လုံ၊ ကောင်းစုံ၊ တွန်ပုတ်နဲ့ ပြင်လုံကျေးရွာရှိ ဘုန်းကြီးကျောင်းအပါအဝင် ထောက်ပံ့ပေးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
TNLA က ပန်ယုတ်(အောက်)ကျေးရွာမှာ (၂) အိတ်၊ ပန်ယုတ်(ထက်)မှာ (၁၀) အိတ်၊ စေကင်းကျေးရွာ (၁၂) အိတ်၊ မန်ပူးကျေးရွာ (၁၃) အိတ်၊ မန်ပန်ကျေးရွာ (၁၂) အိတ်၊ ပန်ဟန်ကြီးကျေးရွာ (၁) အိတ်၊ နမ့်စန်ကျေးရွာ (၂) အိတ်၊ ပြင်လုံကျေးရွာ (၃၈) အိတ်၊ ကောင်းစုံ (၁၃) အိတ်၊တွန်ပုတ်ကျေးရွာ (၁၉) အိတ်နဲ့ ပြင်လုံကျေးရွာ ဘုန်းကြီးကျောင်းမှာ (၅) အိတ် စုစုပေါင်း ၁၂၇ အိတ်ကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။