မြတ်နိုး၊ ဇွန် ၂၁ရက်
ကချင်တပ်မတော်-KIA သိမ်းပိုက်ရရှိထားတဲ့ နယ်မြေမှာ အိမ်ထောင်စုနဲ့ မှတ်ပုံတင် စတင်ပြုလုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အခု ထပ်ရထားတဲ့ တချို့ နယ်မြေတွေမှာ KIO ဘက်က အိမ်ထောင်စု၊ မှတ်ပုံတင်တွေ လုပ်ပေးတာ ဟုတ်တယ်။ မှတ်ပုံတင်က မလုပ်မနေရ ပုံစံဟုတ်မဟုတ်ဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
အခု ကျော့ပြန်တိုက်ပွဲ မဖြစ်ခင် တရုတ်နိုင်ငံ နယ်စပ်ဘက် မံစီမြို့အထိ KIO က ထုတ်ပေးတဲ့ မှတ်ပုံတင်နဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် ပြုလုပ် သွားလာလို့ရပြီး ၁၅ ရက် တစ်ကြိမ် နယ်စပ် ဂိတ်မှာ တံဆိပ်တုံး ပြန်လာထုရတယ်လို့ ဆိုပါတယ်။
“မှတ်ပုံတင်က အခုမှ လုပ်ပေးတာတော့ မဟုတ်ပါဘူး။ အခုက ထပ်ပြီး သိမ်းပိုက်ရရှိထားတဲ့ နေရာဒေသတွေမှာ လုပ်ပေးတာ။ မြို့နယ်ရုံး ရှိတဲ့နေရာတွေ၊ နဂို ထိန်းချုပ်နေရာတွေက လုပ်မြဲ လုပ်ပေးပါတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
အရင်ကတည်းက KIO ထိန်းချုပ်ထားတဲ့ နယ်မြေမှာ အိမ်ထောင်စု နဲ့ မှတ်ပုံတင် လုပ်ပေးနေတာ ဆယ်စုနှစ်ချီကြာနေပြီလို့ သူက ပြောပါတယ်။
“KIO က ၂၀၁၀ ကတည်းက အိမ်ထောင်စု နဲ့ မှတ်ပုံတင် လုပ်ပေးထားတာ။ အခု ထပ်တိုးသိမ်းပိုက်ထားတဲ့ နယ်မြေမှာ စတင်လုပ်ပေးဖို့ပါ။ အရင်ကတည်းက ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ ရှိပြီးသားပါ” လို့ နောက်ထပ် ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
အခုကျော့ပြန် တိုက်ပွဲ အတွင်း KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ရရှိတဲ့ နေရာတွေကတော့ ကချင်ပြည်နယ်ဘက်မှာ လွယ်ဂျယ်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ကံပိုင်တည်၊ ဆဒုံး၊ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ လန်ဆယ်၊ ကမ်းဖန့်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ မြို့လှ စတဲ့မြို့နယ်တွေ နဲ့ ရှမ်းပြည်နယ်ဘက်မှာ မဘိမ်းမြို့၊ နမ့်ဖတ်ကာ တိုက်နယ် တွေဖြစ်ပြီး KIO ရဲ့ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။