မိုင်းရူပ၊ ဇွန်လ ၂၀ ရက်
ထောင်ဒဏ်တစ်သက် ချမှတ်ခံရပြီး ထောင်ဖောက်ပြေးတဲ့ အကျဉ်းသားတစ်ဦးကို သေဒဏ်ချမှတ်ပြီး ချက်ချင်းးကွပ်မျက်ခဲ့တယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA က ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
UWSA ရဲ့ ထုတ်ပြန်ချက်မှာ ဝမ် ဆိုတဲ့အမျိုးသားဟာ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုနဲ့ ပြန်ပေးဆွဲမှုစတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်မှာ ဝမ်ဟာ ထောင်ဖောက်ထွင်းခဲ့ပြီး ထောင်တွင်းရှိ အကျဥ်းသားတွေကို ထွက်ပြေးဖို့ စီစဥ်ခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ဝပြည်နယ်ရဲ့ ဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်ပြီး သေဒဏ်ပေးကာ ချက်ချင်းကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်ကို သိရှိထားသူတစ်ဦးက” သူက တရုတ် လူမျိုး ဖြစ်တယ်။ သူက အကျဥ်းထောင်ကို ခိုးဖောက်တဲ့အချိန် မိတာ။ သူက မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးဆိုးလုယက်မှုတွေ ကျူးလွန်တာလည်းရှိတယ်။ သူ့ကို သေဒဏ်ပေးပြီး ချက်ချင်းကွပ်မျက်လိုက်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
UWSA ရဲ့ ထုတ်ပြန်ချက်မှာ သေဒဏ်ပေးခံရတဲ့ အမျိုးသားဟာ ဘယ်အကျဥ်းထောင်မှာ အကျဥ်းချခံနေရတာနဲ့ ဘယ်နေရာကွပ်မျက်ခံရတာလဲ ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မေလထဲမှာလည်း ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ဦးကို UWSA က သေဒဏ်ပေးတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။