အိုက်ပွီး၊ ဇွန်လ ၂၀ ရက်၊ ချင်းပြည်
နယ်မြေဒေသနဲ့ မျိုးနွယ်အရေးကို တော်လှန်ရေးအလွန်မှာ ဖြေရှင်းဖို့ ချင်းတော်လှန်ရေးတပ် ၁၈ ဖွဲ့က မနေ့ ဇွန်လ ၁၉ ရက်နေ့က ပူးတွဲထုတ်ပြန်ထားပါတယ်။
ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ဘုံရန်သူကို ပထမဦးစားပေးတိုက်ထုတ်ပြီးမှ နယ်မြေဒေသနဲ့ မျိုးနွယ်စုအရေးကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်း ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မကြာခဏ အချင်းချင်းပွတ်တိုက်မှုနဲ့ အငြင်းပွားမှုတွေကို လက်နက်နဲ့ ဖြေရှင်းအဖြေရှာဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။
ဒါဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူအကြား စည်းလုံးညီညွတ်မှု အားနည်းလာပြီး ပြည်သူ့တော်လှန်ရေး ခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကိုလည်း ကျဆုံးသွားနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ချင်းပြည်နယ်၊ မတူပီမြို့နယ်နဲ့ထန်တလန်မြို့နယ်မှာ CDF-Lautu နဲ့ MDF တို့ နယ်မြေအငြင်းပွားမှုဖြစ်ပွားပြီး နှစ်ဖက်ပစ်ခတ်မှုထိရှိလာပါတယ်။
ဒါ့အပြင် အခုရက်ပိုင်း ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာလည်း CDF-ဟွာငိုးရမ်နဲ့ CNDF တို့ နယ်မြေစိုးမိုးမှု အချင်းချင်း ပွတ်တိုက်မူ အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။
“အဓိကတော့ မျိုးနွယ်စု နယ်မြေစိုးမှုတွေ၊ ပိုင်ဆိုင်မှုတွေ အငြင်းပွားရာကနေ ဖြစ်လာတဲ့ဟာတွေပါ။ ဒါတွေကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းကြဘဲ လက်နက်နဲ့ဖြေရှင်းကြဖို့ ကြိုးပမ်းလာကြတယ်။”လို့ ချင်းနိုင်ငံရေးသမားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အခုရက်ပိုင်း နယ်မြေစိုးမှု အနည်းငယ် အငြင်းခုံဖြစ်ပွားပြီးနောက် ရိဒ်ခေါဒါရ်မြို့ကို CDF-ဟွာငိုးရမ်က ဇွန်လ ၁၆ ရက်က အရေးပေါ်ဒေသအဖြစ် ကြေညာထားပါတယ်။
တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်မှာလည်း နယ်မြေအငြင်းပွားမှုကြောင့် CNA ၊ CC နဲ့ ZRA တို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့က တွန်းဇံမြို့နယ် မွာလ်ကွေးရွာက ZRA စခန်းကို CDF-Tonzang က တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။
“တွန်းဇံမှာက စကစ မရှိတော့ပေမယ့် အချင်းချင်းတွေဖြစ်တဲ့ တိုက်ပွဲက အမြဲရှိနေတယ်။ အခုလည်း တိုက်ပွဲတွေဖြစ်ဖို့အလားလာရှိတယ်။ နှစ်ဖက်စလုံးက စစ်ရေးပြင်ဆင်နေကြတယ်။ ZRA ဘက်ကလည်း တိုက်ပွဲဖြစ်ဖို့ သတင်းတွေလွှင့်တယ်။”လို့ တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ယင်းထုတ်ပြန်ထားတဲ့ ချင်းကာကွယ်ရေးပ် ၁၈ ဖွဲ့အနေနဲ့ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးမှာ ချင်းပြည်သူလူထုနဲ့အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ဖို့လည်း အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်ကို ချင်းပြည်အစိုးရ အဖွဲ့ဝင်တွေဖြစ်တဲ့ CDF-Zotung, CDF-Matupi, CDF-Lautu, CDF-Hakha, CDF-Paletwa , Kalay Gabaw Gangaw, CDF-Thangtlang,CDF-Lautu, CDF-Zophei,CDF- Mara, Mindat Council, SRF, PDA, CDF-Thado,CDF Tonzang, CDF -Siyin , Kanpetlet Council, CDF- Zanniatram, CDF-Hualngoram တို့က ပူးတွဲထုတ်ပြန်တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။