ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်
တအာင်းပြည်ကောင်စီ- TLC ကို တအာင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းလိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC က မနေ့ ဇွန်လ ၁၈ ရက်မှာ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ- TPCC ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သလို အစုအဖွဲ့သုံးဖွဲ့ပါဝင်တဲ့ တအာင်းပြည်ကောင်စီ- TLC အဖြစ် ပြောင်းလည်းဖွဲ့စည်းလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် တအာင်းပြည်ကောင်စီ- TLC အနေနဲ့ NUCC ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတရပ်အဖြစ် ဆက်လက်လက်တွဲဆောင်ရွက်နိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြထားပါတယ်။
တအာင်းပြည် အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင်အဖွဲ့အစည်းအဖြစ် TLC ကို တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်- PSLF/TNLA ၊ တအာင်းအမျိုးသားပါတီ – TNP ၊ တအာင်းအရပ်ဖက် အဖွဲ့အစည်းတွေပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ- TPCC တို့ အစုအဖွဲ့ ၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို အစုအဖွဲ ၃ ဖွဲရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေအပြင် သင့်လျော်တဲ့ ပြည်သူလူထု ကိုယ်စားလှယ်တွေလည်း ပါဝင်လာနိုင်ဖိုလည်း အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမယ်လို TPCC က ထုန်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။