အိုက်ပွီး၊ ဇွန်လ ၁၈ ရက်၊ ကလေးမြို့
စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်ကောင်စီ အမြှောက်တပ်ရင်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ တာဟန်းရပ်ကွက်နဲ့ မွန်းလိုင်ရပ်ကွက်မှာ ကျပေါက်ကွဲလို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ဇွန်လ ၁၈ ရက်နေ့၊ မနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက ကလေးမြို့ကနေ လက်နက်ကြီးကျည်တွေ အဆက်မပြတ် ပစ်ခတ်နေပြီး နှစ်လုံးဟာ လူနေထူထပ်တဲ့ တာဟန်းနဲ့ မွန်းလိုင်ရပ်ကွက်တွေမှာ ကျပေါက်ကွဲတာဖြစ်ပါတယ်။
“တာဟန်းရပ်ကွက်ထဲမှာ ကျတဲ့ လက်နက်ကြီးကျည်တစ်လုံးက နေအိမ်တစ်လုံး လုံးဝပျက်စီးသွားတယ်။ အဲအိမ်က အိမ်ရှင်တွေ တခြားဒေသမှာပြောင်းရွေ့နေထိုင်လို့ လူထိခိုက်မှုမရှိဘူး။ နောက်ထပ်နေအိမ်တချို့လည်း လက်နက်ကြီးကျည် ထိမှန်လို့ အနည်းငယ် ပျက်စီးသွားကြတယ်။ မွန်လိုင်ရပ်ကွက် ဘောလုံးကွင်းမှာကျတဲ့ လက်နက်ကြီးကျည်က မပေါက်ကွဲလိုက်ပဲ ဒီအတိုင်း ရှိနေတယ်။”လို့ ကလေးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့မနက် ကလေးမြို့က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး – သိုင်းငင်း ကားလမ်းပေါ်ကို ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ကလေးမြို့စစ်ရေးသတင်းအရင်းမြစ်တွေက ဆိုပါတယ်။
“ကလေး-သိုင်းငင်း ကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်နေလို့ ပစ်ကူပေးနေတာလား။ ဒါမှမဟုတ် စစ်ကြောင်းချီတက်ရာ ကားတစ်လျှောက် လက်နက်ကြီးကျည် ပစ်ကူးပေးတာလားပေါ့။ အရင်လက ကလေး- သိုင်းငင်း ကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်ရင် ကလေးမြို့ထဲကနေ လက်နက်ကြီးကျည်တွေ ပစ်ကူပေးနေကျဖြစ်တယ်။ ဒီမနက်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကလည်း အဲဘက်ပစ်ခတ်နေတာဖြစ်တယ်။”လို့ ကလေးစစ်ရေးသတင်းရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တီးတိန်မြို့နယ် ကလေး-သိုင်းငင်း ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်က အခုရက်ပိုင်း တပ်အင်အားတွေ ဖြည့်တင်းပြီး စစ်ကြောင်းတွေ ပြန်လည်စစ်ဆင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ကလေးမြို့ကနေ စစ်ကောင်စီတပ်အင်အား ၅၀၀ ကျော်ခန့်ဟာ ကားတွေနဲ့ ချင်းပြည်နယ်သို့ ကလေး-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းတွေထိုးပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။
အခုအဲဒီစစ်ကြောင်းဟာ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်တော့ဘဲ တီးတိန်မြို့နယ် ကလေး – သိုင်းငင်း ကားလမ်းပေါ်က မွှာလ်ပီကျေးရွာမှာရှိနေဆဲဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။