ပို့လဘား၊ ဇွန်လ ၁၆ ရက်၊ ဆီဆိုင်
ရှမ်းတောင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာရဲ့ ဒေသခံနေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNOတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာ PNOတပ်က တပူးထိုကျေးရွာကို မီးရှို့ခဲ့တာဖြစ်ပြီး ဇွန်လ ၁၃ ရက်အထိ မီးလောင်ခဲ့တာကြောင့် နေအိမ် ၆ လုံး မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။
PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ရွာသားတွေကို မောင်းထုတ်ပြီးမကြာဘူး။ သူတို့မီးရှို့လိုက်တာပေါ့နော်။ တော်သေးလို့ မီးရှို့ပြီး နောက်ရက်မှာ မိုးလည်းရွာတာဆိုတော့ အိမ်တွေလည်း တစ်အိမ်နဲ့တစ်အိမ်မကပ်ဘူးဆိုတော့ မဟုတ်ရင် ရွာလုံးကျွတ်ပါသွားနိုင်တယ်”လို့ ပြောပါတယ်။
အဆိုပါ တပူးထိုရွာကို PNOတပ်က တပ်စွဲနေထိုင်တာ ၄ လကျော်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ ဒေသခံ တွေကို PNO တပ်က ရွာအတွင်းကနေ မောင်ထုတ်ပြီးနောက် ကျေးရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုက ဒေသခံ ၆ ထောင်ကျော်ကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO က ကျေးရွာအတွင်းကနေ မောင်းထုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ မောင်းထုတ်ခံရတဲ့ ဒေသခံတွေဟာ အခက်အခဲကြုံတွေ့နေရပြီး PNLA ဘက်က ၎င်းတို့ကို တတ်နိုင်သလောက် ကူညီပေးတာရှိသလို တတ်နိုင်တဲ့ အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။