လွေးထွေး၊ ဇွန်လ ၁၅ ရက်၊ သိန္နီ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ရှိ ကျေးရွာတချို့မှာ MNDAA က တပ်သားသစ် ခေါ်ဖို့အတွက် ကျေးရွာဥက္ကဌနဲ့ အုပ်ချုပ်ရေးမှူးကို အစည်းအဝေး ခေါ်ခဲ့ကြောင်း ကောင်းဟော်ရွာခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇွန်လ ၁၀ ရက်ဝန်းကျင်ကစပြီး မနေ့ ဇွန်လ ၁၄ ရက်အထိ MNDAA ဟာ သိန္နီမြို့ရှိ ကောင်းဟော်၊ စယ်အူ၊ ဟိုတာ၊ မိုင်းလီ၊ နားငင်း စတဲ့ကျေးရွာအုပ်စုက အမျိုးသားတွေကို စစ်သား လုပ်ဖို့အတွက် လိုက်ပြောခဲ့တာ ဖြစ်ပါတယ်။
ကောင်းဟော်ရွာနေ အမျိုးသမီးက “တစ်ပတ်လောက်ရှိပြီ တစ်ရွာပြီးတစ်ရွာ စစ်သားလုပ်ဖို့ အစည်းအဝေး ခေါ်တယ်။ ပလောင်လူမျိုးရော၊ ရှမ်းလူမျိုးရော ပါတယ်။ အတင်းအဓမ္မစုတာတော့ မဟုတ်ဘူး။ အစည်းအဝေးတော့ ခေါ်တယ်ပေါ့။ စစ်သားလုပ်ရင် လစာ ဘယ်လောက်ရမယ်ဆိုတာရော ပြောတာပေါ့” လို့ ပြောပါတယ်။
ဇွန်လကုန်အထိ ကျေးရွာတစ်ရွာကို အနည်းဆုံး ၂၀ ဦး သွားရမှာဖြစ်ပြီး ကျေးရွာတချို့နဲ့ မိသားစုတချို့က သွားဖို့ အဆင်မပြေကြောင်း ပြောဆိုမှု ရှိနေတယ်လို့ သူမက ဆက်ပြောပါတယ်။
နောက်ထပ် သိန္နီရောက် အမျိုးသမီးက “ဟိုနေ့က ဈေးထဲ ကြားခဲ့ရတယ်။ စစ်သား မလုပ်ချင်ဘူး ဘာညာပေါ့။ အိမ်က စားဖို့သောက်ဖို့လည်း လုပ်ရအုံးမယ်ဆိုပြီး ပြောနေကြတာ” လို့ ပြောပါတယ်။
သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့သတင်းကြောင့် သိန္နီမြို့ခံအများစုက စိုးရိမ်နေရသလို စစ်မှုထမ်းကိစ္စကြောင့်လည်း ဒေသခံတွေ အခက်အခဲ ကြုံနေရကြောင်း အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
သိန္နီမြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းဖြစ်တဲ့ ၂ဝ၂၄ ဇန်နဝါရီ ၇ ရက်မှာ ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ MNDAA ကသာ အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။