လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၂ ရက်၊ သိန္နီ
MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ ဖာတဲကျေးရွာမှာ စစ်ဆေးမှုပြုလုပ်နေချိန် ကွတ်ခိုင်မြို့နယ် အုမ္မလီရွာခံတစ်ဦးက ထွက်ပြေးလို့ဆိုပြီး ကိုးကန့်တပ် MNDAA က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖာတဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှာ MNDAA တပ်ဖွဲ့တွေက ဖာတဲရွာထဲကို မူးယစ်ဆေးဝါး သုံးစွဲသူရှိမရှိ စစ်ဆေးမှုပြုလုပ်နေချိန်မှာ စစ်သားလာရောက်စုဆောင်းတယ်အထင်နဲ့ အဆိုပါ အုမ္မလီရွာခံက ထွက်ပြေးတာကြောင့် ပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဖာတဲဒေသခံတစ်ဦးက “အဲနေ့က ကိုးကန့်တွေက ရွာထဲစစ်ဆေးနေတာ။ သူက မသိဘူး။ စစ်သားလာကောက်တယ်ဆိုပြီး သူကကြောက်ပြီး ထွက်ပြေးတယ်။ သေနတ်နဲ့ လှမ်းပစ်တာ။ သူ့ခါး ထိသွားတာ။ ကိုးကန့်ဘက်ကတော့ တာဝန်ယူတယ်။ မသေရင် သူတို့ဘဲ တာဝန်ယူပြီး ကုသပေးမယ်တဲ့။ တကယ်လို့ သေသွားရင်လည်း နောက်ပြဿနာတစ်မျိုး ဖြေရှင်းမယ်” လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူ အမျိုးသားဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဦးမောင်ထွန်းဆိုသူဖြစ်ပြီး လက်ရှိမှာတော့ ဆေးကုသဖို့အတွက် ကိုးကန့်တပ်ဘက်က သိန္နီဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ဒုတိယအပတ်မှာတုန်းကလည်း စိတ်ကျန်းမာရေးချို့ယွင်းတဲ့ ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ်မှ အသက် ၃၄ နှစ်အရွယ် U Luka Zahkung Ze Hkawng ခေါ် Zau Seng ဆိုသူကို ကိုးကန့်တပ် MNDAA က ဖမ်းဆီးစစ်ဆေးမေးမြန်းရာဂာနေ လက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။