ရွှေဖီမြေ၊ ဇွန်လ ၁၀ ရက်၊ နောင်ချို

စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို TNLA က ထွက်ခွာခိုင်းနေတယ်ဆိုတဲ့ သတင်းအမှားဟာ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

မနေ့ ‌ဇွန်လ ၉ ရက်ကစပြီး စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေအပြင် ကချင်တိုင်းရင်းသား နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ လော်ဘီပေ့စ်တွေနဲ့ တရားဝင် သတင်းဌာနတချို့တွေမှာပါ အဆိုပါ သတင်းအကြောင်းအရာကို ရေးသားဖော်ပြနေကြတာ တွေ့ရပါတယ်။

“PDF တွေကို TNLA နယ်မြေအတွင်း နေထိုင်ခွင့်ပိတ်” ဆိုပြီး Kachin Offcial Page ဆိုတဲ့ Facebook Page မှ ဒီနေ့ ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ ဖော်ပြထားတဲ့ သတင်းအကြောင်းအရာကိုလည်း စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေဆိုတဲ့ အကောင့်မှာ ပြန်လည်ဖော်ပြထားတာ တွေ့ရပါတယ်။

သတင်းအမှားလင့်ခ်

Kachin Offcial Page – https://archive.ph/J31jH

မှိုင်းဝေ- https://archive.is/nt4CQ

The Kachin Sub-State Media – https://archive.ph/3x5Zq

ဒါ့အပြင် အဆိုပါ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Voice of Myanmar လည်း “နောင်ချိုကနေ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကို TNLA ဆုတ်ခွာခိုင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြထားသလို DVB သတင်းဌာနလည်း “နောင်ချိုတွင် PDF တပ်ဖွဲ့များကို TNLA က ပြန်ဆုတ်ခိုင်းနေ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။

သတင်းလင့်ခ်

Voice of Myanmar – https://archive.ph/Xqga2

DVB – https://archive.ph/hbir1

#သတင်းစစ်ဆေးအတည်ပြုချက်

လက်ရှိ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ မှန်ကန်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို TNLA က နောင်ချိုကနေ ပြန်ဆုတ်ခိုင်းတယ်ဆိုတဲ့ကိစ္စမှာ မှန်ကန်မှု မရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်မြေပြင်မှာ ရှိနေသူတွေကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းရာမှာလည်း ကြားသိရတာ မရှိကြောင်းနဲ့ မှန်ကန်မှု မရှိကြောင်း တုန့်ပြန်ကြပါတယ်။

“အဲလိုမျိုး PDF တွေကို နောက်ဆုတ်ခိုင်းတာ မရှိဘူး။ TNLA ဘက်လည်း နောက်ဆုတ်တာ မရှိဘူး။ ကံကြီးဘက်မှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်” ဆိုပြီး စစ်မြေပြင်မှာ ရှိနေသူတစ်ဦးကလည်း ရွှေဖီမြေကို အခုလို အတည်ပြု ပြောဆိုထားပါတယ်။

ဒါ့အပြင် PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း “နောင်ချိုမှာ တခြားတပ်ဖွဲ့တွေကို ပြန်ပြီးမှ ဆုတ်ခိုင်း၊ ရွေ့ခိုင်းတာဟာ သတင်းတု သတင်းအမှားသာ ဖြစ်တယ်။ လက်ရှိ ကံကြီး၊ အုမ္မတီးဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” လို့ ပြောပါတယ်။

တဆက်တည်းမှာဘဲ နောင်ချိုမြို့ကို TNLA က စစ်ကောင်စီတပ်ထံ ပြန်ပေးမှာဖြစ်တာကြောင့် PDF တွေကို ပြန်ဆုတ်ခိုင်းတယ်ဆိုတဲ့ သတင်းအမှားတွေလည်း ထွက်ပေါ်နေပါတယ်။

TNLA က သတင်းအမှားဖြစ်ကြောင်း အတည်ပြုပြောဆိုတာနဲ့ ပတ်သက်ပြီး Burma VJ ကလည်း “နောင်ချိုမြို့ကို ပြန်လွှဲပေးမှာ မဟုတ်သလို PDFတပ်ဖွဲ့တွေကို ပြန်ဆုတ်ခိုင်းတာလည်း မရှိဘူးလို့ TNLA ငြင်းဆို” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ https://archive.ph/hmXDZ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

#သုံးသပ်ချက်

နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်လိုနေတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ရာနေရာတွေကို လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲ အခုလို သတင်းအမှားတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

နှစ်ဖက်တပ်အကြား အခုလို ကာလအတော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မှာပဲ တအာင်းတပ် TNLA အပေါ် လူထုတွေ အထင်အမြင် လွှဲမှားမှုဖြစ်အောင် ယုံကြည်မှုလျော့နည်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံဖန်တီးပြီး ပြောဆိုထားတာဖြစ်ကြောင်း ရှုမြင် သုံးသပ်ရပါတယ်။

ဒါ့ကြောင့် ‌ ရွှေဖီမြေရဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အွန်လိုင်းပေါ်က ပျံ့နှံ့နေတဲ့ သတင်းတိုင်းကို ချက်ချင်းမယုံကြဖို့နဲ့ ချက်ချင်းမျှဝေတာတွေမလုပ်မိဖို့ သတိထားသင့်ပြီး လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေမှာ ဝင်ရောက်ရှာဖွေ ဖတ်ရှုကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။