မိုင်းရူပ၊ ဇွန်လ ၁၀ ရက်၊ ပုလဲ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ ဂျက်ဖိုက်တာလေယာဉ်ရဲ့ အပျက်အစီးပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAက ထုတ်ပြန်ခဲ့ပြီး လေယာဥ်မှူး သေဆုံးနိုင်ခြေများကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၀ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲခန်းတိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာပါ။ လေယာဥ်မှူးက လေထီးနဲ့ ခုန်မချနိုင်ဘူးဆိုရင် သေဆုံးဖို့ များတယ်။ ကန့်ဒေါင့်ရဲစခန်းမှာ ဇွန်လ ၂ ရက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ ရန်သူ့ဘက်ကလည်း လေကြောင်းအသုံးပြုပြီး ဗုံးဆက်တိုက်ကြဲနေပါတယ်” လို့ PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ လေယာဉ်အပျက်အစီးတွေနဲ့အတူ လေယာဉ်မှူးရဲ့ ရုပ်အလောင်းရဲ့ပုံတွေကို ရေးသားဖော်ပြနေကြပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တာ ဒီတစ်ကြိမ်ဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ လေ့ကျင့်ပျံသန်းရေးဆောင်ရွက်နေစဉ် စက်ချို့ယွင်းပြီး ပျက်ကျပြီး မီးလောင်သွားတယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။