လွေးထွေး၊ ဇွန်လ ၁၀ ရက်၊ ကရင်
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ်က နေအိမ်စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကော့ကရိတ်ရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မနေ့ ဇွန်လ ၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ကော့ကရိတ်မြို့နယ် ပိုင်ရပ်ကျေးရွာက နေအိမ်တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲခဲ့လို့ စာသင်နေတဲ့ အသက် ၁၀ နှစ်ကျော်အရွယ် ကလေး ၃ ဦးနဲ့ အသက် ၆၀ ဝန်းကျင် အဖွားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စာသင်ပေးတဲ့ ဆရာမတစ်ဦးလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံမှာ ထပ်မံသေဆုံးခဲ့သလို အသက် ၁၀ နှစ်ကျော် ကလေး ၁၁ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
ကော့ကရိတ်နေ အမျိုးသားတစ်ဦးက “ကျနော်ကိုယ်တိုင်တော့ မမြင်ရဘူး။ မနေ့က ရွာဘက်ဆင်းတဲ့အချိန် ဗုံးကြဲတာ။ ဖြစ်သွားတာကို အဲရွာဘေးက လူတွေက ပြောပြကြတာ။ တော်တော် စိတ်မကောင်းဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့နေရာဟာ ကျေးရွာအတွင်းက နေအိမ်မှာ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်တဲ့ နေရာမှာသာဖြစ်ပြီး ဘယ်လက်နက်ကိုင်မှ နေထိုင်သွားလာတာမရှိသလို တိုက်ပွဲဖြစ်တာလဲ မရှိကြောင်း ဒေသခံတွေက ပြောဆိုချက်ကို သူက ပြန်ပြောပြပါတယ်။
အလားတူ မေလ ၂၉ ရက်ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကွီးလယ်ဆူရွာရှိ ပညာရေး ဘော်ဒါဆောင်တစ်ခုကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အဆောင်နေ ကျောင်းသူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကလည်း ကျုံဒိုးမြို့နယ်၊ ဝင်းကကျေးရွာရှိ စစ်ရှောင်တွေနေတဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။