မိုင်းရူပ၊ ဇွန်လ ၉ ရက်၊ သပိတ်ကျင်း
စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေ ပြန်ထိန်းချုပ်နိုင်ပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၇ မိုင်ကျေးရွာရှိ စစ်ကောင်စီရဲ့ ကာကင်းတပ်စခန်းတွေကို တအာင်းတပ်မတော်-TNLA၊ မန္တလေး PDFနဲ့ မိုးကုတ်ဗျူဟာစတဲ့ ပူးပေါင်းတပ်တွေက မနေ့ ဇွန်လ ၈ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ မိုင်ရွာထဲ တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
” အရင်က လက်လွှတ်ခဲ့ရတဲ့ နေရာတွေပြန်ထိုးတာ။ အကုန်နီးပါး ပြန်ရပြီ။ ရွာအပြင်က ထွက်လာတဲ့ စကစတွေ ၇ မိုင်ရွာထဲ ပြန်ဝင်သွားပြီ။ ဒီနေ့တော့ တိုက်ပွဲ ငြိမ်နေတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၇ မိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ၇ မိုင်ကျေးရွာက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း အမှတ် (၁၃) တပ်တို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။