လွေးလာဝ်ဇာရ်၊ ဇွန်လ ၇ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ကလေး ၄ ဦးအပါ ဒေသခံ ၉ ဦး သေဆုံးပြီး နေအိမ် ၃ လုံးမီးလောင်ပြာကျသွားခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။
မနေ့ ဇွန်လ ၆ရက် ည ၉ နာရီဝန်းကျင်မှာ လုံးခင်းကျေးရွာရဲ့ဘုန်းကြီးကျောင်းတောင်ဘက်က ငြိမ်းချမ်းသာယာ အပိုင်း ၃ အိမ်တန်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဖားကန့်ဒေသခံ တစ်ဦးက “လက်နက်ကြီးကျတာ။ မီးလောင်ပြာကျတဲ့နေအိမ်က ၃ လုံး။ ကျန်တာ ပေါက်ကွဲမှုအားနဲ့ ပျက်စီးတဲ့အိမ်က များတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ အတိအကျတော့မသိဘူး။ သေဆုံးသူက ၉ ယောက်ရှိတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကြောင့် သေဆုံးသူတွေဟာ အသက် ၂နှစ်နဲ့ ၃နှစ်အရွယ် ကလေး ၂ ဦး၊ အသက် ၁၃၊ ၁၄နှစ် အရွယ် ကလေး ၂ ဦးနဲ့ ကျန်တာ သက်ကြီးပိုင်းတွေ ဖြစ်တယ်လို့ အထပ်ပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
“အလောင်းတွေကျတော့ မီးလောင်တဲ့အထဲမှာ ပါတဲ့သူတွေဘဲ။ လူမှုကူညီရေးအသင်းတွေက မီးငြိမ်းပြီးတော့မှ ထုတ်လာတာဆိုတော့ ဘယ်သူဘယ်ဝါ အမျိုးသား အမျိုးသမီး မခွဲတက်တော့ဘူး။ ကလေး ၄ ယောက်ပါလာတာတွေ့တယ်။ တစ်ယောက်က ခေါင်းမပါတော့ဘူ။ ကျန်တာ သက်ကြီးပိုင်းတွေလည်း ပါရင်ပါမယ်” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်မှာလည်း လုံးခင်းကျေးရွာအုပ်စု မောစီစာရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၄ ရက်တုန်းကလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးက ကုမ္ပဏီတစ်ခုနဲ့ ဆန်ခါဘက်က ကုမ္ပဏီတစ်ခုကို စစ်ကောက်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။